မြန်မာဇာတ်လမ်းတွဲတွေ ကြိုတင်ဆင်ဆာတင်ဖို့ စစ်ကောင်စီ ပြန်ကြားရေးဌာန အကြောင်းကြား
မြန်မာဇာတ်လမ်းတွဲတွေကို မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းကို ပြန်ကြားရေးဌာနရဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြဖို့ ထုတ်ပြန်ကြေညာထားပါတယ်။
-
RFA Burmese
2023-07-21 -
-
-
မြန်မာဇာတ်လမ်းတွဲတွေကို မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့ကစလို့ စစ်ကောင်စီ ပြန်ကြားရေးဌာနရဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကြောင်းကြားလာ တာကြောင့် အခုလို ထုတ်ပြန်တာလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဘဏ္ဍာရေးမှူး ဦးအေးကြူလေးက RFA ကို ပြောပါတယ်။
"ဆင်ဆာအဖွဲ့ကို အရင်ဆုံး ဇာတ်လမ်းခွင့်ပြုချက်နဲ့ ရိုက်ကူးခွင့်တောင်းရတယ်။ သူတို့ဆီက ခွင့်ပြုချက်ရပြီဆိုတော့မှ ရိုက်ရမယ်ပေါ့။ အဲဒီလို ခွင့်ပြုချက်တွေနဲ့ ရိုက်လာတဲ့ဇာတ်လမ်းတွဲတွေကိုပဲ ဆင်ဆာအဖွဲ့က ကြည့်ရှုစစ်ဆေးပေးမယ်ပြောတာ။ မရိုက်ကူးခင် ဇာတ်လမ်းမတင်တဲ့သူတွေရဲ့ ဇာတ်လမ်းတွေကို လက်မခံတော့ဘူး"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်လို့ ဆင်ဆာအဖွဲ့ကို တင်ခဲ့ရတာ မရှိခဲ့ဘူးလို့ လက်ရှိ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ ရုပ်ရှင်ရိုက်ကူးရေးသမားတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲတွေ စပြီးရိုက်ကူးပြသခဲ့တဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ်ကတည်းက ဒီနေ့ အချိန်အထိ ကျွန်တော်တို့ ဆင်ဆာအဖွဲ့ကိုပြပြီး ခွင့်ပြုချက်ရမှ ရိုက်ကူးခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ အခုမှစပြီး ဇာတ်လမ်းတွဲတွေအတွက် ဆင်ဆာ အဖွဲ့ကိုပြပြီး ခွင့်ပြုချက်ရမှ ရိုက်ရတော့မယ်ဆိုရင် ရှေ့ဆက်ရိုက်ရဖို့ အခွင့်အရေး မမြင်တော့ပါဘူး”
နောက်ထပ် ရုပ်ရှင်ထုတ်လုပ်ရေးသမား တစ်ဦးကလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် ယခင်အာဏာရှင်ခေတ်က အခြေအနေကို ပြန်ရောက်လာတာလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။