မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင် ဖမ်းဆီးခံရ

RFA Burmese
2022.12.26
မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင် ဖမ်းဆီးခံရ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်အား တွေ့ရစဉ်။
Citizen Journalist

မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီအကြောင်းကိုသိတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နန်းတော် ပုဂ္ဂလိကဆေးရုံမှာ ရှိနေချိန်မှာ ဒေါက်တာ ဝင်းခိုင်ကို စစ်ကောင်စီတပ်က လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လာဖမ်းသွားတာလို့ ဆိုပါတယ်။

“လူနာအယောင်ဆောင်ပြီး ဆေးခန်းလာပြတယ်။ နှစ်ရက်မြောက်နေ့မှာ နန်းတော် ဆေးရုံမှာပဲ လာဖမ်းသွားတာ။ အရပ်ဘက်အဝတ်အစားတွေနဲ့ပဲ ကားပါယူသွားတာ”

ဖမ်းဆီးခံရပြီးနောက် ဒေါက်တာဝင်းခိုင်ဟာ မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မန္တလေးပြည်သူ့ဆေးရုံကြီးကို အင်အားပြည့် ပြန်လည်ပတ်နိုင်ဖို့ CDM ဆရာဝန်တွေကို အခုလိုဖမ်းဆီးနေတာလို့ နီးစပ်ရာ ဆရာဝန်အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို စစ်ကောင်စီက ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားပါတယ်။

ဒီ့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဆေးကောင်စီကလည်း ဆေးကုသခွင့် လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းလိုက်တယ်လို့ CDM ဆရာဝန် အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၁၀၈ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။