CDM ရဲတပ်သားရဲ့ဖခင် သဲဖြူ၀ရွာမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲဖြူဝရွာမကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၄၀ အရွယ် ဦးဓာတ်ဗူး (ခ) ဦးကျော်ဇင်မျိုးကို သြဂုတ်လ ၃၀ ရက်နေ့ မနေ့ညပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေ လာရောက်ဖမ်းဆီးပြီးနောက် ရွာစည်သင်္ချိုင်းအနီးမှာ ပစ်သတ်သွားတယ်လို့ သဲဖြူဝရွာမ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-08-31
-
-
-
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲဖြူဝရွာမကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၄၀ အရွယ် ဦးဓာတ်ဗူး (ခ) ဦးကျော်ဇင်မျိုးကို သြဂုတ်လ ၃၀ ရက်နေ့ မနေ့ညပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေ လာရောက်ဖမ်းဆီးပြီးနောက် ရွာစည်သင်္ချိုင်းအနီးမှာ ပစ်သတ်သွားတယ်လို့ သဲဖြူဝရွာမ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီယူနီဖောင်း ဝတ်ထားသူတွေ အပါအဝင် လူရှစ်ဦး ဆိုင်ကယ်လေးစီးနဲ့ ဦးဓာတ်ဗူးနေအိမ်ကို ရောက်လာပြီး လက်ပြန်ကြိုးတုတ်ကာ မျက်နှာကိုပုဆိုးနဲ့ အုပ်ခေါ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ သဲဖြူဝရွာမ ရွာဒေသခံတစ်ယောက်က ပြောပါတယ်။
“ည ၉ နာရီကျော်ကြီး အိမ်ကိုတန်းတန်းမတ်မတ်ရောက်လာကြပြီးတော့ မိသားစုဝင်တွေကိုလည်း မျက်နှာ ကို အဝတ်စည်းပြီး ခေါင်းငုံ့ခိုင်းပြီး သေနတ်နဲ့ချိန်ထားတာ၊ ဖမ်းခေါ်သွားပြီး ခဏနေတော့ သေနတ်သံ ကြားလိုက်ရတာ၊ အဲဒီနားက တစ်ယောက်ကိုကြည့်ခိုင်းလိုက်တော့ လက်ပြန်ကြိုးတုတ်ပြီး သေနတ် ငါးချက်နဲ့ ပစ်သတ်သွားတယ်တဲ့၊ အလောင်းက အခုတော့အိမ်ရောက်နေပါပြီ၊ နယ်မြေရဲစခန်းကတော့ ဒါသူတို့လုပ်တာမဟုတ်ဘူးဆိုပြီး ငြင်းနေတယ်၊ ဒါပေမဲ့ လာတဲ့အချိန်က စစ်ယူနီဖောင်းဝတ် နှစ်ယောက် ပါတယ်၊ အရပ်ဝတ်နဲ့ ခြောက်ယောက်ပါတယ်၊ ဆိုင်ကယ်က လေးစီးနဲ့လာတာ၊ ဦးဓာတ်ဗူးက အရမ်းလည်း ရိုးပြီး အေးလည်းအေးတယ်” လို့ ဒေသခံက ပြောပါတယ်။
ဦးဓာတ်ဗူး (ခ) ဦးကျော်ဇင်မျိုးဟာ လက်ရှိ CDM ရဲတပ်သားတစ်ယောက်ရဲ့ ဖခင်ဖြစ်တယ်လို့လည်း ဒေသခံရွာသားတွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်လခန့်က ဦးဓာတ်ဗူး အပါအဝင် လေးဦးကို CRPH နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဘက်က ဖမ်းဆီးသွားခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လအတွင်း သေဆုံးသွားတဲ့ သဲဖြူဝရွာမရွာက စစ်ကောင်စီသတင်းပေးဆိုသူဟာ သူမသေဆုံးခင် ကတည်းက ရွာမှာရှိတဲ့ NLD ပါတီအားပေးသူတွေနဲ့ ရွေးကောက်ပွဲအနိုင်ရစဉ်က အောင်ပွဲခံခဲ့သူ ဒေသခံ ၂၀ ကျော်ရဲ့ စာရင်းကို စစ်ကောင်စီထံ ပေးအပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။