CDM ဝင်လာတဲ့ ရဲဝန်ထမ်း သုံးထောင်နီးပါးရှိပြီလို့ NUG ပြော
စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ဘဲ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်း ၂၉၃၇ ယောက် ရှိပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဘက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
CDM ဝင်လာတဲ့ ရဲဝန်ထမ်းတွေထဲမှာ အမြင့်ဆုံးရာထူးအဖြစ် ရဲမှူး နှစ်ဦးပါဝင်ပြီး၊ ကျန်တာကတော့ ဒုရဲမှူး၊ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်သားနဲ့ စာရေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ CDM ရဲတွေကို ကူညီထောက်ပံ့မှုတွေ ပေးထားတယ်လို့လည်း NUG ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ နောက်ထပ် CDM ဝင်ချင်တဲ့ ရဲဝန်ထမ်းတွေ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ NUG အစိုးရက“အထူးစုံစမ်းထောက် လှမ်းရေးဦးစီးဌာန”ကို ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ထိုး ကြေညာပါတယ်။
စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးအတွက် အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
စစ်တပ်ဘက်က CDM ဝင်လာသူ အရေအတွက်ကတော့ အယောက် တစ်သောင်းနီးပါးရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။