ပြင်သစ်က မြန်မာသံရုံးဝန်ထမ်းတစ်ဦး CDM လုပ်
2024.06.23

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် မြန်မာသံရုံးက စာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးဝင်းဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်တော့ဘဲ စစ်အာဏာဖီဆန်ရေး (CDM) လုပ်သွားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကစလို့ သူဟာ သံရုံးမှာ အလုပ်မဆင်းတော့သလို၊ သံရုံးက စီစဉ်ပေးထားတဲ့အိမ်မှာလည်း မနေတော့ဘူးလို့ သိရပါတယ်။
တရားမဝင်တဲ့ စစ်အုပ်စုကို ကိုယ်စားပြုပြီး နိုင်ငံတကာမျက်နှာစာမှာ အလုပ်ဆက်မလုပ်နိုင်တော့တာကြောင့် CDM လုပ်ရတာလို့ ဒေါ်ဌေးဌေးဝင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုနေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်နေတာ လုံးဝလက်မခံနိုင်ဘူးလို့လည်း သူကပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီရုပ်သံကတော့ ဒေါ်ဌေးဌေးဝင်းဟာ မြန်မာနိုင်ငံကို မပြန်ချင်တာကြောင့် ပြင်သစ်မှာ နိုင်ငံရေးခိုလှုံခွင့်ယူသွားတယ်လို့ ဇွန်လ ၂၂ ရက်နေ့က ကြေညာသွားပါတယ်။
ဒေါ်ဌေးဌေးဝင်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရောက် မြန်မာသံရုံးအရာရှိနဲ့ ဝန်ထမ်းတချို့ CDM မှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်ပရောက် သံရုံးဝန်ထမ်းတချို့ကို ပြန်ခေါ်ပြီး၊ အမိန့်မဖီဆန်မဲ့သူတွေနဲ့ လူစားထိုးခန့်အပ်တာလည်းရှိခဲ့ပါတယ်။