ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်မထားဖို့ ကက်သလစ်ဘုန်းကြီးတွေ တောင်းဆို

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ဒေါငံခါးဘုရားကျောင်းကို ၂၀၂၁ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ဒေါငံခါးဘုရားကျောင်းကို ၂၀၂၁ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် (Photo CJ)

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာတွေ မလုပ်ကြဖို့ ကယားပြည်နယ် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး တွေက တောင်းဆိုလိုက်ပါတယ်။

ဘာသာရေးအဆောက်အအုံဆိုတဲ့နေရာမှာ ခရစ်ယာန်ဘာသာရေးကျောင်းတွေပဲ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တခြားဘာသာဝင်တွေရဲ့ အဆောက်အအုံတွေလည်း ပါဝင်တယ်လို့ ကယား ပြည်နယ် ဒီးမော့ဆိုမြို့က ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ကြားပါတယ်။

ကယားပြည်နယ်က နှစ်ဘက်တိုက်ပွဲတွေအတွင်း ခရစ်ယာန်ဘုရားကျောင်း လေးကျောင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်က တစ်ကျောင်း အပါဆိုရင် စုစုပေါင်း ငါးကျောင်း ပျက်စီးခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

အဲဒီထဲမှာ မေလ ၂၄ ရက်နေ့က လက်နက်ကြီးထိမှန်ပြီး အရပ်သားလေးဦး သေဆုံးခဲ့ရတဲ့ လွိုင်ကော် ကယန်း သာယာကျောင်းနဲ့ ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးဘုရားကျောင်းတွေဟာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်လို့လည်း အဲဒီကက်သလစ်ဘုန်းတော်ကြီးက ရှင်းပြပါတယ်။

ကယားပြည်နယ်မှာ ကက်သလစ်ဘုရားကျောင်းတွေအနေနဲ့ လူလေးရာအထက် ဆန့်တဲ့ကျောင်းက ၅၈ ကျောင်းနဲ့ လူလေးရာအောက်ဆန့်တဲ့ကျောင်းက ၁၃၆ ကျောင်းရှိတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ လွိုင်ကော်ကက်သလစ်သာသနာအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေကို ပစ်မှတ်ထားပြီး မကြာခဏ တိုက်ခိုက်ခံရတာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ လွိုင်ကော်မြို့ ကက်သလစ်သာသနာလုံးဆိုင်ရာ ဘုန်းတော်ကြီး ချဲလ်ဆို ဘရွှေက “ခရစ်ယန်ဘုရားကျောင်းတွေ တိုက်ခိုက်ခံနေရတာကြောင့် တိုင်းပြည်အေးချမ်းရေးနဲ့ ပြည်နယ်အတွင်း စစ်ပြေးရှောင်တွေဘ၀ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်၊ ညစဥ် ည (၇) နာရီတိုင်းမှာ ကက်သလစ်ဘုရား ကျောင်းတိုင်း ငြိမ်းချမ်းရေးခေါင်းလောင်းတီးပြီး ဆုတောင်းကြဖို့” တိုက်တွန်းထားပါတယ်။