ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ကာတွန်းပြပွဲ ကျင်းပ

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းဖို့အတွက် ဒုတိယ အကြိမ်မြောက် (၃) ရက်ကြာ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ် လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ဒုတိယ အကြိမ်မြောက် ကာတွန်းပြပွဲ အခမ်းအနား ပြုလုပ်နေစဉ်။ RFA

ဒီအခမ်းအနားကို NLD ပါတီ နာယက တစ်ဦးဖြစ်သူ ဦးဝင်းတင်၊ စာရေးဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ စတဲ့ ပုဂ္ဂိုလ်တွေ၊ ထင်ရှားတဲ့ ကာတွန်းဆရာတွေ အပါအဝင် လူပုဂ္ဂိုလ် (၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဆရာ ဦးဝင်းတင်က ကာတွန်းဆရာတွေ အနေနဲ့ နိုင်ငံရေး ကာတွန်းတွေ များများရေးကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

"အရေးကြီးတာက နိုင်ငံရေးအနှစ်သာရ အရေးကြီးပါတယ်။ နိုင်ငံရေး သဘောထား အရေးကြီးပါတယ်။ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး ဆန္ဒသဘောထား အရေးကြီးပါတယ်။ အဲတော့ ကာတွန်းတွေ ရေးတဲ့ အခါမှာ နိုင်ငံရေးတွေကို မမေ့ကြပါနဲ့လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဘယ်လို နိုင်ငံရေး ရေးရမလဲ ဆိုတာကို ကျွန်တော် မပြောချင်ပါဘူး။ သို့သော် ကာတွန်း ဆရာတွေ နိုင်ငံရေး လုပ်နေတယ်။ ဖြစ်တယ် ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်"

အဲဒီပြပွဲမှာ ကာတွန်းဆရာ အာယုနဲ့ ကာတွန်းဆရာ ရွှွေဘိုတို့ရဲ့လက်ရာ ကာတွန်း (၂) ခုကို စာပေစိစစ်ရေးက ပြသခွင့် မပြုဘူးလို့ သိရပါတယ်။ အဲဒီကာတွန်းတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိကြောင်း သရုပ်ဖော် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် အခုလို ပြသခွင့် ပိတ်ပင်ခံရတာလို့ ကာတွန်းဆရာ အာယုက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ မီဒီယာ လွတ်လပ်ခွင့်မရှိဘူးလို့ပဲ ကျွန်တော်သုံးသပ်တာပါ။ ဘယ်လောက်ပဲ မီဒီယာ လွတ်လပ်ခွင့် ရှိတယ်ပြောပြော တကယ်လက်တွေ့ကျမှ ကျွန်တော် လက်တွေ့ခံရတာ။ အဲတာ ဘယ်လိုခေါ်ရမလဲဆိုတော့ ကျွန်တော်တို့က ဒို့တာဝန် အရေးသုံးပါးကို စော်ကားတဲ့ ကားမဟုတ်ဘူးဗျာ။ ပြည်သူတွေဘက်က ရပ်တည်တဲ့ကားပါ။ ပြည်သူတွေဘက်က ရပ်တည်တဲ့ကား ဆိုတော့လည်း ကျွန်တော်ကတော့ ရေးမှာပဲလေ။ ပယ်တာ မပယ်တာကတော့ သူတို့အလုပ်၊ ရေးတာက ကျွန်တော့်အလုပ်။ ဒါပေမဲ့ မီဒီယာ လွတ်လပ်ခွင့်မရှိဘူးဆိုတာကတော့ ကျိန်းသေတယ်"

ပြပွဲမှာ ကာတွန်းလက်ရာပေါင်း (၁၀၀) ကျော်ကို ချိတ်ဆွဲပြသထားပြီး မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ ပြသ ရောင်းချသွားမယ်လို့ သိရပါတယ်။

ပြပွဲမှာ ခင်းကျင်းထားတဲ့ ကာတွန်းတွေရဲ့ ရောင်းရငွေ တစ်ဝက်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဒေါ်ခင်ကြည် အမှတ်တရအဖြစ် ထူထောင်ထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဒေါ်ခင်ကြည်နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org