မြန်မာနိုင်ငံမှာ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် နှစ်ထောင်နီးပါးသေဆုံး

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်နေစဉ်။
ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်နေစဉ်။ (Myanmar Fire Services Department)

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း ယာဥ်တိုက်မှုကြောင့် လူဦးရေ နှစ်ထောင်နီးပါး (၁,၈၆၄ ဦး) သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန စာရင်းမှာဖော်ပြထားပါတယ်။

ဒီစာရင်းတွေဟာ တိုင်းနဲ့ပြည်နယ် အားလုံးအပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှု အားလုံးကိုပါ အခြေခံထားတယ်လို့ ဆိုပါတယ်။

ကိုးလအတွင်းမှာ ယာဥ်တိုက်မှု အကြိမ်ရေ (၃,၆၃၄) ကြိမ်ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၄,၉၉၃ ဦးနဲ့ သေဆုံးသူ ၁,၈၆၄ ဦးရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေအထဲမှာ ရန်ကုန်တိုင်းက ၃၁၉ ဦးနဲ့အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၂၆၃ ဦးနဲ့ဒုတိယ၊ မန္တလေးတိုင်းက ၂၅၃ ဦးနဲ့ တတိယအများဆုံး သေဆုံးခဲ့တာပါ။

ရန်ကုန်မြို့ ဟံသာဝတီ ကားပွဲစားတန်းမှာ ကားအရောင်းအဝယ်လုပ်နေတဲ့ ကားပွဲစား ဦးအောင် (အမည်လွှဲ) ကတော့ ကားအသုံးပြုသူများလာပြီး မဆင်မခြင်မောင်းနှင်မှုတွေကြောင့်လို့ RFA ကိုပြောပါတယ်။

"ယာဥ်တိုက်မှု ထိခိုက်သေဆုံးစာရင်းကတော့ မြေပြင်ကအခြေအနေက ပိုများမှာပေါ့။ လူဦးရေထူထပ်လာတာနဲ့အမျှ ကားအသုံးပြုသူတွေလည်း များလာသလို မဆင်မခြင် မောင်းနှင်မှုတွေကြောင့်လည်း ပါမှာပါ"

ဒီစာရင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

၂၀၂၂ ခုနှစ် ဇန်နဝါရီလက စက်တင်ဘာလအထိ ကိုးလအတွင်းမှာတော့ ယာဥ်တိုက်မှု ၄,၂၈၄ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၅,၉၁၁ ဦးနဲ့ သေဆုံးသူ ၂,၁၀၂ ဦးရှိခဲ့တာလို့ ဆိုပါတယ်။