မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး အသိပညာပေးလှုပ်ရှားမှု မန္တလေးမှာစတင်


2019.07.01
cancellation-myitsone-622.jpg ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးတောင်းဆိုတဲ့ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ၂၀၁၉၊ ဇူလိုင် ၁ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်စဉ်
Photo: Khaymani Win/ RFA

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးတောင်းဆိုတဲ့ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို မန္တလေးမြို့မှာ ဒီကနေ့စတင်လိုက်ပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့က အဖွဲ့အစည်းအချို့နဲ့ စိတ်ဝင်စားတဲ့ ပြည်သူအချို့လည်း ပါဝင်ခဲ့ကြပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စာချုပ်စာတမ်းတွေကို ပြည်သူတွေကိုချပြဖို့ တောင်းဆိုခဲ့တာ တစ်လရှိပြီဖြစ်ပေမယ့် အစိုးရဘက်က ဆောင်ရွက်ပေးမှုမရှိတာကြောင့် အခုလို အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်တာဖြစ်ကြောင်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်စိုးမြင့်က RFA ကို ပြောပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်စိုးမြင့်"မြစ်ဆုံဆည်ဟာ ဘယ်လိုမှရှေ့ဆက်လုပ်ဖို့ မသင့်တော်တော်ပါဘူး၊ လက်ခံဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ အင်မတန် အန္တရာယ်ကြီးတဲ့ စီမံကိန်းဖြစ်နေပါတယ်။ ဧရာဝတီဆုံးရှုံးရင် မြန်မာနိုင်ငံ ဆုံးရှုံးသလိုပါပဲ၊ အစိုးရ  အင်းမလုပ် အဲမလုပ်နဲ့ ငြိမ်နေပါတယ်၊ ဘာအခက်ခဲရှိနေလဲ သိချင်ပါတယ်"

မြစ်ဆုံစီမံကိန်းကို အစိုးရအနေနဲ့ အပြီးတိုင် ဖျက်သိမ်းဖို့လိုကြောင်း အဖွဲ့ဝင် ကိုသန့်ဇင်ထက်က ပြောပါတယ်။

"ယခင်အစိုးရ စာချုပ်ချုပ်ခဲ့တာ မှန်တယ်။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေအရ ယခင်အစိုးရလုပ်ခဲ့တာကို လက်ရှိအစိုးရ တာဝန်ခံရမယ်။ တာဝန်ခံရမှာဖြစ်လို့ မြစ်ဆုံရပ်တန့်ရေး လုပ်ဖို့လိုတယ်။ နိုင်ငံရေးအရ မကစားဖို့လိုတယ်"

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇွန်လ ၂၈  ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးကျင်းပပြီး စာချုပ်ပါအချက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်ကိုအစိုးရက တုံ့ပြန်ဆောင်ရွက်မှုမရှိတာကြောင့် အခုလို လှုပ်ရှားမှုစတင်တာဖြစ်တယ်လို့ ဆိုပါတယ်။ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့က ကိုသိန်းအောင်မြင့်

လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့က ကိုသိန်းအောင်မြင့် ကလည်း အခုလိုပြောပါတယ်။

"ဒီဘက်အစိုးရခေတ်ရောက်လာတဲ့အခါမှာ သုံးနှစ်ကျော်ကာလထိ ရှိလာပြီ၊ အခုအချိန်အထိ ရေရာတိကျတဲ့အဖြေတစ်ခုကို မရသေးဘ့ူး၊ နိုင်ငံရဲ့ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်၊ တစ်နိုင်ငံလုံးကလည်း လက်မခံပါဘူး"

ဒီကနေ့ လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ခဲ့တဲ့ မန္တလေးမြို့က ဒေသခံ ဦးဂေါ်ပါချော ကတော့ မြစ်ဆုံဆည် စီမံကိန်းကို ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

"မြစ်ဆုံဆည်က နိုင်ငံရဲ့ သင်္ကတကြီးတစ်ခု၊ ကချင်က မန်းလေးနဲ့ ဝေးကွာပေမယ့် ထပ်တူခံစားရတယ်။ သဘာဝပတ်ဝန်းကျင်ကို အပြောင်းအလဲဖြစ်သွားပြီးမှ ရရှိမယ့် ငွေကြေးက ကျနော်တို့နိုင်ငံ ဆုံးရှုံးတဲ့ အရင်းအမြစ်ထက်စာရင် နည်းမယ်။ အဲဒါကြောင့် ပူးပေါင်းတာ"

မန္တလေးမြို့ ၇၃ လမ်းက မန္တလေးတက္ကသိုလ်အနီးမှာ လှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့က အဖွဲ့အစည်း အချို့ပါဝင်ခဲ့ပြီး ဒီကနေ့မှာတော့ မြို့အနှံ့ လှုပ်ရှားမှုဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ဘဲ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကတော့ ဒီလှုပ်မှုကိစ္စကို မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကိစ္စကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ရှုထောင့် လေးခုကနေ စဉ်းစားတွက်ချက်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဒေသခံတွေနဲ့ မတ်လ ၁၄ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်။

မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး လက်ကမ်းစာစောင်ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာတော့ မနက်ဖြန်မှာ စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။