ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံ နှစ်ထောင် ထားရှိမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ် (Photo: Win Ko Ko Latt/ RFA)

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းကျော်အတွက် မဲရုံနှစ်ထောင်ထားရှိသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ မဲရုံမှူးနဲ့ လက်ထောက်မဲရုံမှူးသင်တန်း ရပ်နားချိန်မှာ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောတာဖြစ်ပါတယ်။

"မဲရုံပေါင်း နှစ်ထောင်ရှိပါတယ်၊ မဲဆန္ဒရှင်က နှစ်သန်းကျော်ကျော်ရှိပါတယ်၊ မဲရုံတစ်ရုံမှာ မဲဆန္ဒရှင် တစ်ထောင်နှုန်းနဲ့ သွားပါတယ်"

၂၀၁၅ ရွေးကောက်ပွဲတုန်းက တချို့မဲရုံတွေမှာ မဲဆန္ဒရှင် ၆ ထောင်နီးပါးအထိ မဲပေးရတာတွေ ရှိတဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်ရွေးကောက်ပွဲတွေတုန်းက မဲရုံအတွင်းမှာသာ လုံခြုံရေးတစ်ဦးထား ရှိခဲ့တာဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲရုံအပြင်မှာပါ လုံခြုံရေးထားပေးသွားမယ်လို့ ဦးတင်ထွန်း က ပြောပါတယ်။

ဆန္ဒမဲပုံးတွေကိုလည်း အရင်က လုံခြုံရေးကြိုး နှစ်ကြိုးနဲ့သာ ချည်နှောင်ခဲ့တဲ့အတွက် ပြင်ပမဲတွေ ထပ်ထည့်တယ် ဆိုတဲ့ အငြင်းပွားဖွယ်တွေရှိလာကြောင်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြိုး လေးကြိုး အသုံးပြုသွား မယ်လို့လည်း ပြောပါတယ်။

မသန်စွမ်းမဲပေးသူတွေအတွက်လည်း မဲရုံဝင်မယ့်လမ်းကြောင်းကို အနည်းဆုံး အကျယ် ၃ ပေ ထားရှိမှာဖြစ်သလို မဲလက်မှတ်ထုတ်ယူမယ့်နေရာနဲ့ ဆန္ဒပြုရမယ့် နေရာကိုလည်း ၂ ပေကနေ ၂ ပေခွဲအထိသာ အကွာအဝေးထား ရှိမယ်လို့ သိရပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃နေရာနဲ့၊ တိုင်းဒေသကြီး / ပြည်နယ် ၇ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကိုယ်စားလှယ် လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။