လစ်လပ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ
2017.04.01

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ဒီနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူ အများအပြား ဆန္ဒမဲပေးကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် အစိုးရအဖွဲ့မှာ တာဝန်ပေးအပ်ခံရသူတွေ၊ လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွားတဲ့ နယ်မြေတွေကြောင့် လစ်လပ်သွားတဲ့ မဲဆန္ဒနယ် ၁၉ နေရာအတွက် ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ကြတာဖြစ်ပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအစိုးရတာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေက ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရှူး၊ ကျိုင်းတုံ၊ မွန်ပြည်နယ် ချောင်းဆုံနဲ့ ရခိုင်ပြည်နယ် အမ်းတို့ ဖြစ်ပါတယ်။
အဲဒီထဲက ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေဟာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ နယ်မြေတွေဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းကျော် ရှိပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၈၇ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
မဲရုံတွေကို မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ဒီနေ့ ရရှိတဲ့ မဲရလဒ်တွေကို ည ၉ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။