အမ်းမြို့နယ်မှာ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂၇၀ ကျော် အသုံးပြုမည်
2017.03.30

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရဲတပ်ဖွဲ့အင်အား ၂၇၀ ကျော်နဲ့ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုး က ပြောပါတယ်။
ရွေးကောက်ပွဲအတွက် မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ ခရိုင် ၄ ခုက ရဲတပ်ဖွဲ့အင်အားတွေကိုပါ ဖြည့်တင်း ထားပြီး အမ်းမြို့နယ်တစ်ခုလုံးကို ဇုန် ၄ ဇုန်သတ်မှတ်ပြီး လုံခြုံရေးဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အမ်းမြို့နယ်မှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီ ANP က ဒေါက်တာအေးမောင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသောင်းငြိမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဇော်ဝင်းမြင့်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင် တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမ်းမြို့နယ်အတွင်းမှာ ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၂၉ အုပ်စုရှိပြီး မဲဆန္ဒရှင်အရေအတွက်က ၇၅၈၀၀ ကျော်၊ မဲရုံပေါင်း ၁၃၇ ရုံထားရှိမှာဖြစ်ပါတယ်။
အမ်းမြို့နယ်မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အားလုံးရဲ့ ရာခိုင်နှုန်း ၃၀ ကျော်လောက်သာ မဲစာရင်းကို လာရောက်ကြည့်ရှုကြပြီး စိတ်ဝင်စားမှုအားနည်းတာကို တွေ့ရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော် မရှင် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။