ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ ပါတီတွေတောင်းဆို

ရာသီဥတုအခြေအနေကြောင့် မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနိုင်တဲ့အတွက် လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ နိုင်ငံရေးပါတီတချို့က ဒီနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်က ရွေးကော်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၇ဝ နီးပါးက ခေါင်းဆောင်တွေနဲ့ ကော်မရှင် တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြရာမှာ တင်ပြခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင် စုပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။

"မိုးတွင်းကာလမှာ စည်းရုံးရေးဆင်းမယ့်အစား ပွင့်လင်းရာသီမှာ စည်းရုံးရေးကာလ ရက်ပေါင်း ၆ဝ ဆင်းပြီးတော့ ရွေးကောက်ပွဲကို နည်းနည်းနောက်ဆုတ်လိုက်ရင် ရွေးကောက်ပွဲကျင်းပတာလည်း ပွင့်လင်းရာသီဖြစ်တယ်။ အကြိုရက် ၆ဝ ကလည်း မိုးထဲလေထဲမှာဆိုရင် အထူးသဖြင့် ပြည်နယ်တွေ တောင်ပေါ်၊ တောင်တန်းဒေ သတွေမှာ သွားလာရေး ခက်ခဲတဲ့ဒေသတွေမှာ စည်းရုံးရေးအဆင်ပြေဖို့ ရွေးကောက်ပွဲကာလကို ရက်ရွှေ့ပေးဖို့။ ကော်မရှင်ကတော့ ဒီနေ့တင်ပြတဲ့ အကြံပြုတဲ့အချက်အားလုံးအပေါ်မှာ တိကျသေချာတဲ့ ဖြေရှင်းချက်မျိုးတော့ မပါဘူး"

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်လို့ ကော်မရှင်က ကြေညာထားတာဖြစ်ပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ ကော်မရှင်တာဝန်ရှိသူတွေက နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ အနိုင်မရတဲ့ ပါတီဆိုပြီး ခွဲခြားဆက်ဆံတာမျိုးမရှိဘဲ ပါတီအားလုံးကို တန်းတူသဘောထားတယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က တင်သွင်းတဲ့ ကန့်ကွက်လွှာအားလုံး ရှုံးနိမ့်ခဲ့တာဟာ သံသယဖြစ်စရာရှိတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆွေးနွေးမှုတွေလည်းရှိပါတယ်။

နိုင်ငံရေးပါတီတွေက တင်ပြတဲ့အထဲမှာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ အထွေထွေနဲ့ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ပါတီကြီးတွေက မဲရုံပရဝုဏ် အနီးတဝိုက် ပါတီအင်္ကျီတွေဝတ်ဆင်ခဲ့မှု၊ အသံချဲစက်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေရှိပြီး ဒါတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးဆိုတဲ့ အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။