ကြားဖြတ်ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုများလာအောင် ဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း

ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူလူထုစိတ်ဝင်စားမှု နည်းနေတာကြောင့် လူထုစိတ်ဝင်စားမှုရှိအောင် အသိပညာပေးအစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ နဲ့ နိုင်ငံရေးပါတီတွေကို အရပ်ဘက်အဖွဲ့ ၁၂ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မဲစာရင်းကြည့်တဲ့သူဦးရေဟာ မဲပေးခွင့်ရှိသူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်သာ ရှိတာကြောင့် မဲပေးမယ့်လူဦးရေ နည်းပါးမှာကို စိုးရိမ်တဲ့အတွက် အခုလိုတိုက် တွန်းတာဖြစ်တယ်လို့ ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးချမ်းသာကျော်က ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ရဲ့ Report ပေါ် မူတည်ပြီးပြောတာခင်ဗျ၊ မဲစာရင်းကို လာကြည့်ဖို့ လှုံ့ဆော်တဲ့ရက်မှာ မဲစာရင်းကို လာကြည့်တဲ့လူဦးရေက ၆ ရာခိုင်နှုန်းပဲရှိတယ်ပေါ့နော်။ အဓိက အဲဒါပေါ်မူတည်ပြီး စိုးရိမ်တဲ့အကြောင်း ထုတ်ပြန်တာပေါ့နော်။ လာမယ့်ရွေးကောက်ပွဲမှာ မဲလာပေးမယ့်လူဦးရေ နည်းမှာစိုးတဲ့အတွက် ကျနော်တို့ ERCP အဖွဲ့ ၁၂ ဖွဲ့က ထုတ်ပြန်တာပါခင်ဗျ"

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အရပ်ဘက်အဖွဲ့ ၁၂ ဖွဲ့ဟာ ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ERCB ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမယ့်သူနည်းခဲ့ရင် လွှတ်တော်အတွင်းမှာ ပြည်သူတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ လျော့ကျနိုင်တဲ့အတွက် စိုးရိမ်တယ်လို့လည်း ဦးချမ်းသာကျော် က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အချက်လက်တွေကို မဲဆန္ဒရှင်တွေပိုမိုသိရှိအောင် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေမှာ ထည့်သွင်းပညာပေးတာတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် ကော်မရှင်အဖွဲ့ခွဲတွေ၊ ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ပိုအားကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးရေးအပြင် မဲဆန္ဒရှင်အသိပညာပေးတာတွေပါ ထည့်သွင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကနဦးစာရင်းတွေအရ မဲပေးခွင့်ရှိသူဦးရေ ၂ သန်းရှိတယ်လို့ သိရပါတယ်။