ဘူးသီးတောင်က စာသင်ကျောင်းတချို့ စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ အစိုးရစာသင်ကျောင်း တချို့ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာရှိတဲ့ စာသင်ကျောင်း ၁၀ ခုကျော်ကို ဒီရက်ပိုင်းတွေအတွင်း ဆက်လက် ဖွင့်လှစ်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ဘူးသီးတောင်မှာ စတင်ဖွင့်လှစ်နေတဲ့ ကျောင်းတွေဟာ မြို့ပေါ်နဲ့ တပ်နယ်မြေအပြင် တိုင်းရင်းသားကျေး ရွာတွေက ကျောင်းအချို့ပါဝင်တယ်လို့ သိရပါတယ်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ် ပွားခဲ့တဲ့ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၄၀၀ ကျော် ယာယီပိတ်ထားခဲ့ရသလို ပညာရေးဝန်ထမ်း၊ အရာထမ်းတွေလည်း နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေခဲ့ကြ ရတာဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောဒေသလုံခြုံရေးကိုထိန်းထားနိုင်ပြီဖြစ်တဲ့အတွက် တိမ်းရှောင်လာကြတဲ့ ဝန်ထမ်းတွေအား လုံးကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေက တာဝန်ကျရာနေရာ၊ ရုံးအသီးသီးမှာ စက်တင်ဘာ ၁၇ နေ့နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ပြည်နယ်ပညာရေးမှူးရုံးက ဒီနေ့ ညွှန်ကြားလိုက် တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းကတော့ ကျန်ရှိနေတဲ့ကျောင်းတွေကို အခြေအနေပေါ်မူတည်ပြီး ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်သလို ဒေသအခြေအနေကလည်း မှန်းဆလို့ မရနိုင်သေးတာကြောင့် ကျောင်းတွေ အားလုံးကို ဘယ်အချိန်မှာ အပြီးသတ် ပြန်ဖွင့်နိုင်မလဲဆိုတာကိုတော့ စဉ်းစားထားတာမရှိသေးဘူးလို့ ပြောပါ တယ်။