နိုင်ငံသားပြုခွင့်ပေးတဲ့ကိစ္စ ဘူးသီးတောင်မှာ ဆန္ဒပြ


2017.06.09
butheetaung-muslim-nrc-protest-620.jpg မွတ်ဆလင်တွေကို နိုင်ငံသားပြုခွင့်ပေးတဲ့ကိစ္စ ဘူးသီးတောင်မြို့မှာ ဇွန်လ ၉ ရက်နေ့က ဆန္ဒပြကြစဉ်
.

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အစိုးရက မွတ်ဆလင်တွေကို ဥပဒေနဲ့မညီဘဲ နိုင်ငံသားအဖြစ်လက်ခံဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဒေသခံ ၅၀၀ လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဥပဒေနဲ့အညီ မစိစစ်ဘဲ နိုင်ငံသားအဖြစ် လက်ခံဖို့ဆောင်ရွက်တဲ့သူတွေနဲ့ ဥပဒေနဲ့မညီဘဲ နိုင်ငံသားကဒ် ရရှိထားသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်းနိုင် ကပြောပါတယ်။

"တရားမဝင်ဘင်္ဂလီတွေကို နိုင်ငံသားကဒ်ထုတ်ပေးရေး စိစစ်ရေးအဖွဲ့ နောက်ပြီးတော့ တရားမဝင် နိုင်ငံသားတွေက ဒီနိုင်ငံသားကဒ်တွေကို ကိုင်ဆောင်ထားတဲ့အတွက် သူတို့ကိုတရားစွဲဆိုဖို့ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့သွားတာပါ"

ဆန္ဒပြသူတွေဟာ ဥပဒေနဲ့မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးနေတာတွေကို ရပ်တန့်ပေးဖို့၊ တရားဥပဒေချိုးဖောက် သူတွေကို အရေးယူပေးဖို့၊ ဥပဒေနဲ့မညီဘဲ ထုတ်ပေးထားတဲ့ နိုင်ငံသားကဒ်တွေကို ပြန်ရုပ်သိမ်းပေးဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးဖို့၊ လက်ရှိနိုင်ငံသား စိစစ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်ပေး ဖို့ စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြကြပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မွတ်ဆလင် ၃၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကဒ်တွေနဲ့ နိုင်ငံ သားပြုခွင့်ရသူဆိုင်ရာကဒ်တွေကို အစိုးရကထုတ်ပေးခဲ့ပြီး အခုလက်ရှိမှာလည်း နောက်ထပ် မွတ်ဆလင် ၂၄ ဦးကို ထပ်မံထုတ်ပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မွတ်ဆလင် ၃၀ ကျော်ကို အစိုးရက အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးခဲ့တဲ့ကိစ္စအပေါ် ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့သလို ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ကော် မတီနဲ့ ကွင်းဆင်းစစ်ဆေးပြီး အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေဟာ ဥပဒေနဲ့မညီကြောင်း လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။