ဘူးသီးတောင်က ဗလီမှာ လက်လုပ်မိုင်းပေါက်
2017.09.22

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိချောင်းဈေးရွာမှာရှိတဲ့ ဗလီကြီးခြံဝန်းထဲမှာ ဒီနေ့မနက်က လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီလက်လုပ်မိုင်းဟာ အစ္စလာမ်ဘာသာဝင်တွေ ဗလီတက်ချိန်မှာ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်စေဖို့ ရည်ရွယ်ပြီး အကြမ်းဖက်သမားတွေက ထောင်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မိုင်းပေါက်တဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ဗလီရဲ့အရှေ့ဘက် ပေ ၃၀ လောက် အကွာက အုန်းပင်ခြေရင်းမှာ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အကျယ် ၄ ပေ၊ အနက် ၂ ပေလောက်ရှိတဲ့ မြေ ကျင်းတစ်ခုကိုတွေ့ရှိရသလို ကားပင်စတင်နဲ့ပြုလုပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ နောက်ထပ်လက်လုပ်မိုင်းတစ်ခု ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးတောင်ကျေးရွာမှာ အရင်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာမှာပဲ မီးမလောင်ဘဲ ကျန်ရှိနေခဲ့တဲ့ နေအိမ် အလုံး ၂၀ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီကိစ္စအပေါ်စုံစမ်းနေတယ်လို့ လည်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။