မြိုတစ်ယောက် သေဆုံးတဲ့ မိုင်းပေါက်ကွဲမှု စစ်ဆေးနေ

2017.11.24
butheetaung-mine-622 ဘူးသီးတောင်မြို့နယ်၊ ဘောဓိကိုင်းကျေးရွာ အနီးမှာ မြိုတိုင်းရင်းသား ဦးရန်ဂီး သေဆုံးခဲ့တဲ့ နေရာပြမြေပုံ
Photo: Information Committee

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တောင်ဘဇာနယ်မြေတွင်းက ဗောဓိကိုင်းရွာနားမှာ မိုင်းပေါက်ကွဲ ပြီး ဒေသခံမြိုတိုင်းရင်းသားတစ်ဦး သေဆုံးခဲ့တဲ့ကိစ္စကို သေဆုံးသူရဲ့ ဇနီးဖြစ်သူက တိုင်ကြားလာတာကြောင့် အမှုဖွင့် စစ်ဆေးနေတယ်လို့ တောင်ဘဇာနယ်မြေ ရဲစခန်းက ဒီနေ့ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ မိုင်းဟာ လက်လုပ်မိုင်းဖြစ်ပြီး မိုင်းထောင်တဲ့သူကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ တောင်ဘဇာ နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ကပြောပါတယ်။

"ဘိုကလေရွာဟောင်းကနေ သူတို့ ကုလားသေရွာကို အလယ်သွားကြတယ်၊ အလယ်သွားပြီးတော့ သူတို့မိသားစုတွေကနေ ပြန်လာကြတာ၊ ဗောဓိကိုင်းရင်းရွာနဲ့ ကိုက် ၄ဝဝဝ လောက်အကွာ တောလမ်းမှာ ဗုံးပေါက်ပြီးသေတယ်၊ ကျနော်တို့ ဓါတ်ပုံမှတ်တမ်း ကြည့်ရသလောက်ကတော့ လက်လုပ်မိုင်း ဝါယာပါတယ်၊ ဘက်ထရီ ၂ လုံးပါတယ်၊ ဘယ်သူ့လက်ချက်လဲဆိုတာကို ပြန်စုံစမ်းနေတုန်းပေါ့"

သေဆုံးသွားသူရဲ့ အမျိုးသမီးက တောင်ဘဇာနယ်မြေရဲစခန်းကို မနေ့က တိုင်တန်းလာတာကြောင့် အမှုဖွင့် စစ်ဆေးနေတာဖြစ်တယ် လို့လည်းပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က တောင်ဘဇာနယ်မြေ ဘဒကားကျေးရွာအုပ်စု ဘိုကလေရွာဟောင်းမှာ နေထိုင်တဲ့ ဦးရန်ဂီးဟာ သူ့ရဲ့အမျိုးသမီးနဲ့ အတူ ခမောင်းချောင်းအုပ်စု ကုလားသေရွာမှာရှိတဲ့ ဆွေမျိုးတွေထံသွားရောက်ပြီး အပြန်မှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူပါတဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ဘိုကလေရွာဟောင်းဟာ လူနည်းစု မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာ တစ်ခုဖြစ်ပြီး အိမ်ခြေ ၁၀ ကျော်လောက်သာရှိတဲ့ ရွာငယ်တစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။