ဘူးသီးတောင်နဲ့ မောင်တောမှာ တိုင်းရင်းသား စံပြကျေးရွာ ၃၆ ရွာတည်ထောင်ပြီးဖြစ်


2017.06.05
butheetaung-620.jpg ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ တိုင်းရင်းသားစံပြကျေးရွာ ၃၆ ရွာ တည်ထောင် ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အမျိုးသားလွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတက် ထွန်းအောင်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရခိုင်ပြည်နယ်အနှံ့ နေထိုင်နေတဲ့ ရခိုင်တိုင်းရင်း သားတွေကို စုဆောင်းပြီး ရခိုင်တိုင်းရင်းသားကျေးရွာတွေ တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မောင်တောမြို့နယ်မှာ တိုင်းရင်းသားစုစည်းကျေးရွာ ၁၅ ရွာရှိပါတယ်၊ မောတောမြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်ကြားတွင် နတခစံပြကျေးရွာ စုစုပေါင်း ၃၆ ရွာကို ခုချိန်မှာတည်ထောင်ခဲ့ပြီးဖြစ်ပါတယ်"

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေ နေထိုင်မှုနည်းပါးလာတဲ့အတွက် ရခိုင်တိုင်းရင်း သားကျေးရွာတွေကို တည်ထောင်ပေးစေလိုတာဖြစ်တယ်လို့ ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဒေသခံတိုင်းရင်းသားတွေကို စုစည်းပြီး (နတလ) စံပြကျေးရွာတွေ ထူထောင် ပြီးနောက် ၁၉၉၉ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးကနေ ရခိုင်ပြည်နယ် မောင်တောဒေသကို ပြောင်းရွှေ့နေထိုင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားမိသားစုတွေကို ပြောင်းရွှေ့ပေးခဲ့တာ ၁၉ ကြိမ်ရှိပြီဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

ပြောင်းရွှေ့နေထိုင်သူတွေကို အိမ်ထောင်စုတစ်စုအတွက် နေအိမ်တလုံး၊ လယ်မြေ ၂ ဧက၊ ဥယျာဉ်ခြံမြေ ၁ ဧက၊ ဆိုက်ကား တစီး၊ အပ်ချုပ်စက် ၁ လုံး၊ အိမ်ထောင်စုလေးစုအတွက် လက်တွန်းထွန်စက် တစီး၊ တနှစ်စာရိက္ခာဆန်နဲ့ ရိက္ခာစိုတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့ရောက်ရှိလာတဲ့ အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၃၄၀၀ ကျော် ကိုလည်း မောင်တောနဲ့ ဘူးသီးတောင်က (နတလ) စံပြကျေးရွာတွေမှာ နေအိမ်တွေ ထပ်မံတိုးချဲ့ နေရာချထားပြီး တနှစ်စာ ရိက္ခာဆန်နဲ့ ရိက္ခာစိုတွေ ထောက်ပံ့လျက်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။