ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင် ဆုရရှိ

ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် New Currents Award ရရှိခဲ့သည့် “MA Cry of Silence“ ရုပ်ရှင်ပိုစတာအား တွေ့ရစဉ်။
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် New Currents Award ရရှိခဲ့သည့် “MA Cry of Silence“ ရုပ်ရှင်ပိုစတာအား တွေ့ရစဉ်။ (Facebook/ The Maw Naing)

မြန်မာဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ “MA Cry of Silence“ လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဟာ ၂၉ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားဟာ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့် မြို့ကြီးပြကြီးက အထည်ချုပ်စက်ရုံမှာ ဝင်လုပ်နေရတဲ့ ဖိနှိပ်မှုတွေနဲ့ ခါးသီးမှုတွေကြား မျှော်လင့်ချက်ကင်းမဲ့သလို ခံစားနေရတဲ့ ၁၈ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ နော်ဝေနဲ့ ကာတာနိုင်ငံတို့က ပူးပေါင်းထုတ်လုပ် ထားတာပါ။

ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အဖွဲ့သားတွေအတွက် ဂုဏ်ယူကြောင်းလည်း ဒါရိုက်တာ သည်မော်နိုင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါရိုက်တာ သည်မော်နိုင်ဟာ “The Monk (ရဟန်း)“ ဆိုတဲ့ရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်က ရိုမေးနီးယားနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ရရှိထားတဲ့ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။