ကန့်ဘလူမြို့ သောက္ကန်ရွာက နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သောက္ကန်ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၇ လုံး မီးလောင်ပျက်စီးသွားတယ် လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီသား အင်အား ၇၀ နီးပါးပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အိမ်ခြေ ၂၃၀ ရှိတဲ့ သောက္ကန်ရွာကို ဝင်ရောက်ခဲ့ပြီး နောက်နေ့ မနက် ၇ နာရီလောက်မှာ မီးရှို့ခဲ့တာလို့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နိုဝင်ဘာ ၂၃ ရက်မှာ ရွာထဲဝင်တယ်။ နိုဝင်ဘာ ၂၄ ရက်၊ မနက်မှာ မီးရှို့တယ်။ ရွာထဲက ဆန်စက်တွေရော၊ နေအိမ်တွေမှာ စက်ပစ္စည်းတွေရော အကုန်ပါသွားတယ်။ အိမ်ခြေ သုံးပုံနှစ်ပုံလောက် ပါသွားတာပေါ့"
ကန့်ဘလူမြို့နယ်မှာရှိတဲ့ ကျောက်တိုင်၊ ကျီစု၊ ဖို့ကုန်း၊ သောက္ကန် စတဲ့ရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၄ ရက်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာတွေကို မီးရှို့ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည်နဲ့ ခင်ဦး စတဲ့မြို့နယ်တွေမှာရှိတဲ့ ရွာတွေထဲ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်စီးနင်းနေတာပါ။
စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာ ဝန်ကြီးဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ခင်ဦးမြို့နယ် အလယ်ရှိုရွာကထွက်လာတဲ့ အင်အားတစ်ရာ နီးပါးပါတဲ့ စစ်ကြောင်းတစ်ခုဟာ ကန့်ဘလူမြို့နယ်၊ သောက္ကန်ရွာအနီး တောတိုက်ထဲမှာ တိမ်းရှောင်နေတဲ့ အသက် ၇၀ အရွယ် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ အသက် ၁၆ အရွယ်လူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သွားတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ရဲ့ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ နေအိမ်နဲ့ အဆောက်အအုံ ၇၃၆ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ဒေသခံ ၁၄၅၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။