မိုးမောက်မြို့တိုက်ပွဲအတွင်း နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့

RFA Burmese
2024.05.18
မိုးမောက်မြို့တိုက်ပွဲအတွင်း နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ စျေးအနီးရှိ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ မေလ ၇ ရက်နေ့ကစပြီး မေလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်စုစုပေါင်း တစ်ရာကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၇ ရက်နေ့ကစပြီး မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့အထိလည်း ခမရ (၄၃၇) တပ်ကို တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မိုးမောက်မှာ နေအိမ်တစ်ရာကျော်လောက်ရှိပြီ ပျက်စီးတာ။ တချို့က မီးလောင်လို့ပျက်စီးတာ၊ တချို့က လက်နက်ကြီးထိပြီး ပျက်စီးသွားတာလည်းရှိတယ်။ အများပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးတွေကြောင့် မီးလောင်တယ်။ စစ်ကောင်စီတပ်က မီးရှို့တာလည်း ပါတယ်။ မနေ့လည်း မိုးမောက်စျေး အနီးတစ်ဝိုက်က အိမ်တွေ အများပိုင်း လောင်သွားတယ်။ ဟိုနေ့ကတော့ ၄၇၃ ရှေ့က မံပုံရှမ်းရွာလည်း လောင်တာများတယ်။ တချို့နေရာမှာက တစ်အိမ်စ နှစ်အိမ်စ လောင်တယ်။ ပြီးတော့ မိုးမောက်ကနေ လွယ်ဂျယ်သွားတဲ့လမ်းဘက် စျေးအောက် အဲဒီနားတစ်ဝိုက်က နေအိမ်တွေလည်း လောင်တယ်”

ဧပြီလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မိုးမောက်မြို့ပေါ်မှာ တပ်စွဲနေထိုင်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံတစ်သောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်မြို့နဲ့ မံစီမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာရှိပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။