ကသာမှာ နေအိမ်ခုနစ်ရာနီးပါး မီးရှို့ခံရ၊ ဒေသခံသုံးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.02.15
ကသာမှာ နေအိမ်ခုနစ်ရာနီးပါး မီးရှို့ခံရ၊ ဒေသခံသုံးထောင်ကျော် ထွက်ပြေး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းကြီးရွာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား နှစ်ရာဝန်းကျင်နဲ့ တက်တူလယ်၊ အင်းကြီးနဲ့ လှေဘိုရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာကြောင့် နေအိမ် ၇၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ -၁၂၁ က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာလို့ ဆိုပါတယ်။

အင်းကြီးရွာက နေအိမ် ၄၀၀ နီးပါး၊ လှေဘိုရွာက အိမ် ၂၀၀ ကျော်နဲ့ တက်တူလယ်ရွာက အိမ် ၈၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တက်တူလယ်ကစပြီး သုံးရက်ဆက်တိုက် ရှို့တာ။ ဘုန်းကြီးကျောင်းတွေကိုလည်း ရိုက်ဖျက်ပြီး စာသင်ကျောင်းတွေပါ ရှို့သွားတယ်"

ဒီနယ်မြေရှင်းလင်းရေးကြောင့် အရပ်သား သုံးထောင်ဝန်းကျင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်မှာ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားပေမယ့် ဒေသခံအများစုက နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။