ကျောက်ပန်းတောင်းမှာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ ဆန္ဒပြ

2022.02.01
ကျောက်ပန်းတောင်းမှာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ ဆန္ဒပြ ကျောက်ပန်းတောင်းလမ်းမပေါ်က EPC ရုံးရှေ့မှာ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့က လူတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ ဆန္ဒပြခဲ့တဲ့ နေရာကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံ - ကျောက်ပန်းတောင်းလမ်းမပေါ်က EPC ရုံးရှေ့မှာ ဖေဖော်ဝါရီ (၁) ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က လူတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ ဆန္ဒပြခဲ့ပါတယ်။

ပြည်သူပြည်သားတွေကို မီးမှန်မှန်ရစေချင်တယ်၊ ၂၀၀၁ -၂၀၀၂ ခုနှစ်တွေကို ပြန်မသွား ချင်ဘူးလို့ ရေးထားတဲ့ ဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြရင်း ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အိမ်ကထွက်လာကတည်းက သူ့ခန္ဓာကိုယ်ကို ဓါတ်ဆီလောင်းထားတာ၊ EPC ရုံးရှေ့ လည်းရောက်ရော မီးခြစ်ခြစ်လိုက်တာပဲ၊ ကျနော်တို့ တွေ့တွေ့ချင်းပဲ ရေတွေ၊ သဲတွေနဲ့ ပက်တာပဲ။ ဖြစ်တဲ့အချိန်က သုံးမိနစ်လောက်ပဲကြာပေမယ့် ခြေထောက်က အရေပြား တွေအလွှားလိုက် ကွာကျသွားတယ်ဗျာ"

အသက် ၄၀ အရွယ်ခန့် ဦးအောင်အောင်ဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး သံပန်း၊ သံတံခါး လုပ်ကိုင်သူဖြစ်ပြီး၊ စစ်ကောင်စီအုပ်ချုပ်တဲ့ ဒီကာလထဲမှာ လျှပ်စစ်မီးမှန်မှန်မရလို့ အလုပ်မရှိ စားဝတ်နေရေး ကျပ်တည်းနေတာလို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဦးအောင်အောင်ကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ညောင်ဦးဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ (၁) ရက် ဒီနေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးမြို့ငယ်တွေမှာလည်း အသံတိတ်သပိတ်အနေနဲ့ အိမ်ထဲ မှာပဲနေကြသလို ဈေးဆိုင်တွေ ပိတ်၊ ဖွင့်တဲ့ဈေးဆိုင်တွေမှာလည်း ဈေးဝယ်သူမရှိ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။