ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများ ခရီးရှည်ချီတက်ပွဲ မြန်မာအမျိုးသမီးများ ပါဝင်
2011.03.19

ဒီ လှုပ်ရှားမှုမှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တာဝန်ခံတဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း က အခုလို ရှင်းပြပါတယ်။
“ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာ အားလုံးကို ရပ်တန်းက ရပ်ဖို့အတွက် ဒီ ခရီးရှည် ချီတက်ပွဲမှာ ပူးပေါင်း ပါဝင်ရတာ ဖြစ်ပါတယ်”
ဒါကာမြို့တော်ကနေ မတ်လ ၉ ရက်နေ့ကတည်းက ဒီ ခရီးရှည်ချီတက်ပွဲ စတင်ခဲ့တာဖြစ်ပြီး Cox's Bazar ခေါ် ဖလောင်းချိတ်ကို ဒီကနေ့ ရောက်ရှိပြီး ညနေ ၅ နာရီမှာ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် အမျုးိသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဟောပြောပွဲမှာ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ ပါဝင်မယ့်အကြောင်း ဆက်ပြောပြပါတယ်။
“မြန်မာနိုင်ငံတွင်းမှာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ အမျိုးသမီးတွေကို ချက်ခြင်းလွှတ်ပေးဖို့ ကျမတို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို မတရား ဖမ်းဆီးထောင်ချခြင်း၊ အကြမ်းဖက်မှု နည်းမျိုးစုံ ပြုလုပ်မှုတွေကို ရပ်တန့်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ ဒေသခံ အမျိုးသမီး အဖွဲ့များနဲ့ ကျမတို့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်”
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ နှစ်တရာပြည့် အထိမ်းအမှတ်ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ WLB အမျိုးသမီများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြောင်း ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။