သောင်းချီသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံမှာ သြင်္ကန်ပွဲဆင်နွှဲ

ထိုင်းနိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ ဗန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းမြန်မာနယ်စပ်က မြို့တွေမှာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ရိုးရာသြင်္ကန် ဆင်နွဲှနေကြပါတယ်။

2011.04.14
thingyan_thai_songkran_305_z.png ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆွန်ခရန် ခေါ် နှစ်သစ်ကူး အတာသြင်္ကန် ရေသဘင်ပွဲ ဆင်နွှဲနေသူများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဗန်ကောက်မြို့အနီးတဝိုက်က မြန်မာအလုပ်သမားတွေစုပေါင်းပြီး ဒုလ္လဘ ရဟန်းခံ ရှင်ပြုပွဲတွေနဲ့ အလှူဒါနပြုပွဲတွေ ကျင်းပခဲ့တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“မြန်မာ အလုပ်သမား အမျိုးသား အပါး ၅၀ ကျော် ဒုလ္လဘ ရဟန်းခံကြတယ်၊ ပြီးတော့ မဟာချိုင်မှာ ရှိတဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်းထက် မနည်းမှာ ရှိတဲ့ ထိုင်းသံဃာတွေရယ်၊ မြန်မာ သံဃာတွေရယ်ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေ လုပ်ကြတယ်။ ပြည်ပကို ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ရိုးရာ ယဉ်ကျေးမှု ဖြစ်တဲ့ သြင်္ကန်ကို ဒီလိုပဲ ကောင်းမှုကုသိုလ် ဒါနပြုပြီးတော့ ဒုလ္လဘ ရဟန်းဝတ်တာတို့၊ မယ်သီလရှင် ဝတ်တာတို့တွေ လုပ်ကြတယ်။ ပြီးတော့ ဆွမ်းဆန်စိမ်း လောင်းလှူပြီးတော့ ကုသိုလ်ဒါန ပြုကြတယ်ပေါ့ဗျာ။”

မဲဆောက်မြို့မှာလည်း့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရဟန်းခံရှင်ပြု အလှူပွဲတွေနဲ့တရားစခန်းတွေ ဟာ အရင်နှစ် သြင်္ကန်ထက်စာရင် ပိုများလာတယ်လို့ ဆိုပါတယ်။ ထိုင်း အာဏာပိုင်တွေက အလုပ်သမားတွေကို စစ်ဆေး မေးမြန်းတာတွေ မရှိပဲ သြင်္ကန်ပွဲတော်ကာလအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ကိုမိုးကြိုးက ပြောပါတယ်။

“အရင်တုန်းကဆိုရင် အလုပ်သမား လက်မှတ်တွေ ဘာတွေ မရှိကြဘူးဗျာ။ လက်မှတ်တွေ ဘာတွေ မရှိရင် အပြင်မထွက်ရဲကြတဲ့ မြန်မာ အလုပ်သမား တော်တော်များများ ရှိတယ်။ အခု သြင်္ကန်ကာလမှာ ထိုင်းရဲတပ်ဖွဲ့တွေ၊ လူဝင်မှု ကြီးကြပ်ရေးကလည်း အဖမ်းအဆီး မရှိတဲ့အခါကျတော့ အကုန်လုံး ကိုယ့်ရဲ့ စက်ရုံ အလုပ်ရုံတွေထဲက ထွက်ပြီးတော့ အပြင်မှာ သြင်္ကန် ပျော်နိုင်တာပေါ့ဗျာ။ အဲဒါက ထူးခြားချက်ပဲဗျ။”

မြန်မာပြည်ဖက်ခြမ်းကနေလည်း မဲဆောက်မြို့ဖက်ကို လာရောက် လည်ပတ်တာတွေ ရှိနေတာကြောင့် သြင်္ကန်ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးတီးဝိုင်းတွေ၊ ရိုးရာလက်ဝှေ့ပွဲတွေနဲ့ စည်စည်ကားကား ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာတွေလည်း အများအားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ သြင်္ကန်ပွဲကို စုပေါင်း ဆင်နွဲှကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။