မြန်မာလက်နက်ပွဲစားအဖြစ် ပိတ်ဆို့ခံထားရသူ စင်ကာပူမှာ ဒဏ်ငွေချမှတ်ခံရ
2024.01.08

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှာ တရားဝင် သတင်းမပို့ဘဲ စင်ကာပူဒေါ်လာငါးသိန်းကျော် သယ်ဆောင်သွားဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသားသုံးဦးကို ဒဏ်ငွေအသီးသီး ချမှတ်လိုက်တယ်လို့ စင်္ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားအဖြစ် ဗြိတိန်နဲ့ အမေရိကန်က ပိတ်ဆို့အရေးယူထားသူ Sky Aviator ကုမ္ပဏီ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး အပါအဝင်သုံးဦးကို ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။
Sky Aviator ကုမ္ပဏီနဲ့ အစုရှယ်ယာရှင် ဦးကျော်မင်းဦးဟာ ၂ဝ၂၂ ဇွန်လ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံက ထုတ်ပြန်တဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုမှာ ထည့်သွင်းအရေးယူခံထားရသူဖြစ်ပြီး ၂ဝ၂၃ မေလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်အစိုးရက ကျူးလွန်နိုင်အောင် နိုင်ငံတကာနဲ့ လက်နက်ကုန်သွယ် အရောင်းအဝယ်လုပ်ပေးနေသူတွေအဖြစ် ဖော်ပြခံထားရပါတယ်။
သူတို့သုံးဦးကို စင်ကာပူနိုင်ငံ ငွေပေးချေမှု ဝန်ဆောင်မှုအက်ဥပဒေအရ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားတာပါ။
ဦးကျော်မင်းဦး၊ ဦးဝေဆာထွန်းနဲ့ ဦးဝင်းမြင့် တို့သုံးဦးဟာ ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကနေ ထွက်ခွာချိန်မှာ ခွင့်ပြုထားတာထက်ပိုတဲ့ ငွေပမာဏ သယ်ဆောင်လာတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သူတို့သုံးဦးကို စစ်ဆေးချိန်မှာ ဦးဝေဆာထွန်းက ဒေါ်လာ နှစ်သိန်းခွဲ၊ ဦးဝင်းမြင့်က ဒေါ်လာနှစ်သိန်းလေးသောင်းကိုးထောင်၊ ဦးကျော်မင်းဦးက ဒေါ်လာကိုးထောင့်ကိုးရာ၊ အသီးသီး သယ်ဆောင်လာပြီး စုစုပေါင်း စင်္ကာပူဒေါ်လာငါးသိန်းကျော် (၅ဝ၈,၉၂၅) ကို တရားဝင် သတင်းမပို့ဘဲ သယ်ဆောင်လာတာလို့ ဆိုပါတယ်။
ဦးဝေဆာထွန်းနဲ့ ဦးဝင်းမြင့်တို့က ဦးကျော်မင်းဦးအတွက် ဒီဒေါ်လာငွေတွေကို ခွဲပြီး သယ်ဆောင်ပေးတယ်ဆိုတာကို စစ်ဆေးတွေ့ရှိရတယ်လို့လည်း ဖော်ပြပါတယ်။
စင်ကာပူလေဆိပ်မှာ သတ်မှတ်ပမာဏ ဒေါ်လာငွေနှစ်သောင်းထက်ပိုပြီး သယ်ယူလာရင် သတင်းပို့ရမယ်ဆိုတာကို သိလျက်နဲ့ သူတို့သုံးဦးက အခုလိုသယ်ဆောင်ခဲ့တာကြောင့် ဦးကျော်မင်းဦးကို ဒေါ်လာတစ်သောင်း၊ ဦးဝေဆာထွန်းနဲ့ ဦးဝင်းမြင့်တို့ကို ဒေါ်လာငါးထောင်စီ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဒီဥပဒေအရ အများဆုံး ငွေဒဏ် ဒေါ်လာငါးသောင်းနဲ့ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။