မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး
2011.11.15

(Photo: AFP)
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမှာ ဖြစ်ကြောင်း၊ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်တွေ အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို လက်မှတ်ရေးထိုးဖို့ ရှိကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။
ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် ဗီယက်နမ် နိုင်ငံကို အခုလို သွားရောက်တာဟာ အမေရိကန် ပြည်ထောင်စု အပြင် တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ အနီးကပ်
ဆက်ဆံလိုကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး လေ့လာ သုံးသပ်သူ ဦးဌေးအောင်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အခု ဗီယက်နမ် ခရီးစဉ်ဟာ နှစ်နိုင်ငံ စစ်ရေးနဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နှစ်ဘက် ကိုယ်စားလှယ်တွေ အပြန်အလှန် လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ
မဟာဗျူဟာ ဆွေးနွေးမှု၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှု၊ ထောက်လှမ်းရေး သတင်း အချက်အလက် လဲလှယ်မှု၊ လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ တခြားအကျိုးတူ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားဖို့ကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်
ငုယင်တန်ဒေါင်းတို့ သဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။