မြန်မာပြည်သူတွေအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မြို့ကြီးတွေမှာ ပြသမည်

"They Call It Myanmar" လို့ အမည် ပေးထားတဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းရုပ်ရှင်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ နဲ့ နယူးယောက်မြို့တွေ မှာ မကြာခင် ပြသနိုင်အောင် စီစဉ်နေတယ်လို့ ဒါရိုက်တာ Robert Liberman က အာအက်ဖ်အေကို ပြောပါတယ်။

ကနေဒါနိုင်ငံသား ဒါရိုက်တာ Robert Liberman ရိုက်ကူးသည့် They Call It Myanmar အမည်ရှိ မှတ်တမ်းရုပ်ရှင်။ (theycallitmyanmar.com)
ကနေဒါနိုင်ငံသား ဒါရိုက်တာ Robert Liberman ရိုက်ကူးသည့် They Call It Myanmar အမည်ရှိ မှတ်တမ်းရုပ်ရှင်။ (theycallitmyanmar.com) (theycallitmyanmar.com)

0:00 / 0:00

သူ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင်ရုပ်ရှင်နဲ့ ပတ်သက်ပြီး… "ကျနော်ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ တာဝန်ကျခဲ့ဖူးပါတယ်။ အဲဒီအချိန်အတွင်း မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့ အဓိက ထူးခြားချက်က မြန်မာနိုင်ငံသား သာမန် ပြည်သူတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ရိုက်ချက်တွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီး ဒီရုပ်ရှင်မှာ သူ့ရဲ့ ပြောပြချက်တွေကို ထည့်သွင်းတင်ပြထားပါတယ်" လို့ ဒါရိုက်တာ Mr. Liberman က ပြောပါတယ်။

ဒါရိုက်တာ Robert Liberman ဟာ မြန်မာနိုင်ငံမှာ ၃ နှစ်တာ တာဝန်ကျနေစဉ်အတွင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုဆိုင်ရာ နည်းပညာတွေကိုအမေရိကန်သံရုံးကတဆင့် မြန်မာရုပ်ရှင်လောက ပညာရှင်တွေကို သင်ကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

သူ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကို နော်ဝေး၊ ဗြိတိန်၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ အကြိုသဘော ပြသနေပြီး လာမယ့် နိုဝင်ဘာလ ၁၆ ရက် ဝန်းကျင်မှာ နယူးဇီလန်နိုင်ငံမှာ ပြသဖို့အတွက် နယူးဇီလန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ပူးတွဲ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

They Call It Myanmar မှတ်တမ်းရုပ်ရှင်အကြောင်းကို ဦးဝင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်ယူရန်။