ဆွမ်ပရာဘွမ်မြို့အနီးက တံတား နှစ်စင်းနဲ့ စက်ယန္တရား နှစ်စီး ဖျက်ဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ် က ဇနန်ခ တံတားအပါအဝင် တံတား ၂ စင်းနဲ့ စက်ယန္တရား ၂ စီး ကို ကေအိုင်အေအဖွဲ့က မနေ့က ဖျက်ဆီးလိုက်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး က ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီနေ့ ပြောပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ အခြေအနေကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး က ဒုတိယရဲမှူးကြီး မျိုးသူရနောင် က အခုလိုပြောပါတယ်။

"လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ကေအိုင်အေ သောင်းကျန်းသူ ၁၃ ဦး လောက်ကနေပြီးတော့ အဲဒီ ဇနန်ခ တံတားကိုရောက်လာတယ်၊ လုပ်ငန်းခွင်လုပ်နေတဲ့ ဘက်ဟိုးကိုမောင်းခိုင်းတယ်၊ မောင်းပြီးတော့မှ အဲဒီတံတားပေါ်မှာရှိတဲ့ တံတားကြမ်းခင်းတွေကို ဘက်ဟိုးနဲ့ ကုတ်ပြီးတော့မှ ဖျက်တယ်။ ပြီးတော့ သစ်သားတွေနဲ့ တံတားထိပ်မှာ လမ်းကို ကန့်လန့်ခံပြီးတော့မှ ဘက်ဟိုးကို မီးရှို့ပြီးမှ ဖျက်သွားတာပေါ့၊ နောက်ထပ်ဖြစ်စဉ်တစ်ခုကလည်း တံတားအမှတ် ၁/၁၁၀ ပေါ့၊ အဲဒီသံဘောင်ဘေလီတံတားမှာလည်း ကရိန်းကားကို အဲဒီတံတား ရောက်တဲ့အခါမှာ ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့ ၇ ယောက်လောက်ကတားတယ်။ အဲဒီ ကရိန်းကားရဲ့ ဘီးတွေကို လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့မှ ဖောက်တယ်၊ အဲဒီတံတားပေါ်မှာပဲ ကရိန်းကားကိုလည်း ထပ်ပြီးတော့မှ မီးရှို့သွားတဲ့ ဖြစ်စဉ်တွေရှိပါတယ်"

တပ်မတော်က ဆွမ်ပရာဘွမ်ဒေသမှာ ထိုးစစ်ဆင်မှုတွေရှိနေတာကြောင့် ကေအိုင်အေ က စစ်အရှိန်ဟန့်တားတဲ့သဘောနဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က တံတားတချို့ကို ဖျက်ဆီးခဲ့ကြောင်း ကြားရတယ်လို့ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြစ်ကြီးနားကနေ ခကရန်းယန် အထိနဲ့ ပူတာအိုဘက်ကနေဆို ဆွမ်ပရာဘွမ်အထိသွားနိုင်ပြီး ကြားထဲမှာ လမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းတလျှောက် လမ်းတံတား၊ စာသင်ကျောင်း တည်ဆောက်တာ စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာကြောင့် တပ်မတော် နဲ့ ကေအိုင်အေ နှစ်ဘက်တိုက်ပွဲမဖြစ်စေချင်ဘူးလို့ ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဒွဲက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်ဒေသမှာ အဲဒီလို စစ်ရေးအခြေအနေတွေကြောင့် စာသင်ကျောင်းတချို့ပိတ်ထားရပြီး ရွာသားတချို့ဟာ ဘေးလွတ်ရာ ထွက်ပြေးနေတာတွေရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၉၆၀ ကျော်ကစလို့ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် လမ်းတံတား၊ အစိုးရဋ္ဌာနဆိုင်ရာ၊ အဆောက်အဦတွေဟာ မကြာခဏဖျက်ဆီးခံရမှုတွေနဲ့ အတူ တိုင်းရင်းသားပြည်သူတွေဟာလည်း စစ်ဘေးဒဏ်ကို နှစ်ပေါင်းများစွာ ခံစားနေကြရတာဖြစ်ပါတယ်။