ဘုရားသုံးဆူမြို့မှာ ဗုံးပေါက်ကွဲ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ သြဂုတ်လ ၁၄ ရက်နေ့ မနက် လင်းအားကြီးအချိန်က ဗုံးတလုံး ပေါက်ကွဲခဲ့သလို အစိုးရရုံးတရုံးရှေ့ မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဘုရားသုံးဆူမြို့ မြောက်ဖက် မက်ကသာကျေးရွာကို သွားတဲ့လမ်းက ရပ်ကွက် ၄ ဒီကေဘီအေ အေဝမ်းဂိတ် အနီးမှာ ၁၄ ရက်နေ့မနက် မြန်မာစံတော်ချိန် ၃ နာရီခွဲလောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ လူတယောက်မှ မရှိတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ မရှိခဲ့ကြဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

"မက်ကသာ သွားတဲ့လမ်း၊ အရင်က ဒီကေဘီအေ ဂိတ်ဟောင်းဖက်မှာ ကွဲတယ်။ အဲဒီ ဂိတ်ဟောင်းမှာ သွားကြည့်တော့ … ခက်တာက အစိုးရဖက်လည်း မသွားရဲဘူး။ သက်သက် လူမရှိတဲ့နေရာမှာ ထောင်ပြီးတော့ ခွဲသွားတာ။ အသံပေးတာပေါ့၊ မြို့ထဲကလူတွေ လန့်အောင်။ ကျယ်တယ် တော်တော်ကျယ်တယ်။ ညဖက်။ ကျယ်ပြီးတော့ ကျောက်ခဲတွေတောင် အိမ်အထိ စင်လာတယ်။ ထိခိုက်မှု မရှိဘူး။ နောက်တလုံးက မြေစာရင်းရုံးရှေ့မှာ။ ရပ်ကွက် ၂ မှာ။ အဲဒီမှာ ရုံးတွေအများကြီးပဲ။ ထောက်လှမ်းရေးရုံး။ ရုံးပေါင်းစုံပေါ့၊ အဲ့ဒီမှာ လက်ပစ်ဗုံးနဲ့ ပစ်သွားတာ၊ ဒါပေမယ့် လက်ပစ်ဗုံး စနက်တန်က ကပ်နေတော့ မကွဲဘူး။ မကွဲတော့ ဒီမနက် သွားတွေ့တော့ လာသိမ်းသွားတယ်"

ဗုံးပေါက်ကွဲမှု မဖြစ်ခင် သြဂုတ်လ ၁၂ ရက် ကြာသပတေးနေ့ မနက်ပိုင်းကလည်း ဘုရားသုံးဆူမြို့ စာသင်ကျောင်းလမ်း အနီးမှာရှိတဲ့ လျှပ်စစ် ဓာတ်အားပေးထိန်းစက် ထားတဲ့ ထရန်စဖော်မာတိုင် အောက်ခြေမှာ RPJ 7 ဗုံးသီးနဲ့ ထောင်ထားတဲ့ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးတလုံးကို အာဏာပိုင်တွေက အချိန်မီ သိမ်းဆည်းရမိခဲ့ သေးတယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့နယ်အတွင်း အခုလို ဗုံးတွေ့ရှိတာ၊ ဗုံးပေါက်ကွဲတာတွေ အရင်က သုံးလတကြိမ်လောက် ပုံမှန် ဖြစ်ပေါ်ခဲ့ပေမယ့် အခုတလော တရက်ခြားလိုလို ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒီလို ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာဟာ အပစ်ရပ် အဖွဲ့တွေအပေါ် စစ်အစိုးရ အာဏာပိုင်တွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးမှုအပေါ် တုန့်ပြန်တာ ဖြစ်နိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဘုရားသုံးဆူမြို့နယ်မှာ မြန်မာစစ်အစိုးရ ခလရ (၃၂) တပ်ရင်းအပြင် ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ လုံခြုံရေး ယူထားပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ဒီကေဘီအေတပ်ဖွဲ့၊ အပစ်ရပ် ကရင်ငြိမ်းချမ်းရေး (ဟောင်သရောဒေသ) အဖွဲ့၊ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တွေ ရုံးစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ မယက မြို့နယ်မှူး ဦးသိန်းဇော်ကို ဆက်သွယ်မေးမြန်းရာမှာ စုံစမ်းဆဲဖြစ်ကြောင်း၊ အသေးစိတ် မသိရှိရသေးကြောင်း ဖြေဆိုပါတယ်။