စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ နီလာရပ်ကွက်က ရထားလမ်းဘေး အမှိုက်ပုံမှာ ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက ပလတ်စတစ်ကောက်နေတဲ့ မိသားစုတစ်စုဟာ ဗုံးတစ်လုံးကို ကိုင်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးသလို နောက်ထပ်မိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ခုနစ်နှစ်အရွယ် မောင်ဇေယျာလင်း သေဆုံးပြီး မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် မသင်းသင်းလှ၊ အဘိုးဖြစ်သူ ၄၅ နှစ်အရွယ် ဦးအောင်အောင်နဲ့ အသက် သုံးနှစ်အရွယ် မရှိုင်းဝါဆိုတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ စစ်ကိုင်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြေး ဆုံးသွားတာ။ မြေး နှစ်ယောက်ရယ်၊ ချွေးမရယ်၊ ယောက္ခမရယ် အကုန်လုံး ပါတာပေါ့။ သူတို့က ပလတ်စတစ်တို့၊ ဘူးခွံတို့ ကောက်ကြတာလေ။ အဲဒီအမှိုက်ပုံက နီလာရပ်ကွက်ထဲက သံလမ်းဘေးမှာရှိတာ။ သံလမ်းဘေးမှာက တပ်မ ၃၃ ရှိတာပေါ့။ ပေါက်ကွဲတာဖြစ်ပြီးတော့ လူမှုကူညီရေးအသင်းက သယ်သွားတာ။ သေသွားတဲ့ ကလေးက စစ်ကိုင်းမှာတင် ဆေးကုလိုက်ရပြီးမှ သေတာ"
ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ မောင်ဇေယျာလင်းကို မြင့်မြတ်သူ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းက အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ပေးခဲ့ပြီး ရက်လည်အတွက် အလှူရှင်တစ်ဦးက စီစဥ်ပေးထားတယ်လို့ သူကဆိုပါတယ်။
သေဆုံးသူရဲ့ မိခင်ဖြစ်တဲ့ မသင်းသင်းလှဟာလည်း စိုးရိမ်ရတဲ့ဒဏ်ရာကြောင့် မန္တလေးဆေးရုံကို လွှဲပြောင်းဆေးကုသမှုခံယူနေရတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
UNICEF MYANMAR ရဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၅၃ ဦးနဲ့ ဒဏ်ရာရသူ ၇၀၅ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီသေဆုံးထိခိုက်သူတွေရဲ့ ၂၂ ရာခိုင်နှုန်းက ကလေးတွေဖြစ်ကြတယ်လို့လည်း UNICEF MYANMAR က ဖော်ပြထားပါတယ်။