လှိုင်မြို့နယ်က သတ္ထုပစ္စည်းစက်ရုံနဲ့ လှိုင်သာယာက ရဲစခန်း အပါအဝင် နေရာအချို့တိုက်ခိုက်ခံရ

RFA Burmese
2024.04.29
လှိုင်မြို့နယ်က သတ္ထုပစ္စည်းစက်ရုံနဲ့ လှိုင်သာယာက ရဲစခန်း အပါအဝင် နေရာအချို့တိုက်ခိုက်ခံရ ရန်ကုန်မြို့ တွင် လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က သတ္တုပစ္စည်းစက်ရုံနဲ့ လှိုင်သာယာမြို့နယ်က ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့နေရာအချို့ကို ဧပြီလ ၂၈ နေ့ညပိုင်းမှာ ဗုံးသီးနဲ့ရော အဝေးထိန်းမိုင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ညပိုင်း လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်းမကြီးပေါ်မှာရှိတဲ့ (၅) ထိပ် ရဲစခန်းကို ၄၀ မမ ဗုံးသီးလေးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် Dark Shadow အဖွဲ့ဝင် ရဲဘော်ပန်ဒါက RFA ကို ပြောပါတယ်။

"စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက် “Urban Freedom” စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ ရန်ကုန်ထဲက တခြားမြို့နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မနေ့ညက လှိုင်သာယာ (၅) ထိပ် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ ဒီလ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ မမနဲ့အတူ မြို့ပြကူ ကမ်ပိန်းကရလာတဲ့ ထောက်ပံ့ကြေးတွေနဲ့ ဒီစစ်ဆင်ရေးကို လုပ်နိုင်ခဲ့တာပါ"

Yangon Victory Force (YVF) အဖွဲ့ သတင်းနဲ့ပြန်ကြာရေး တာဝန်ရှိသူတစ်ဦးကလည်း မနေ့မှာပဲ လှိုင်မြို့နယ်က ဗျူဟာမှူးအဆင့်ရှိသူ တပ်စွဲထားတဲ့ သတ္ထုပစ္စည်းစက်ရုံကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ RFA ကို ပြောပါတယ်။

"လှိုင်မြို့နယ်ထဲက စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့ သတ္ထုပစ္စည်းစက်ရုံပါ၊ ဗျူဟာမှူးအဆင့်ရှိတဲ့သူတွေ တပ်စွဲထားလို့ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ကျွန်တော်တို့ Yangon Victory Force (YVF) အဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့တာပါ"

ဒါ့အပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာလည်း မနေ့ညကိုးနာရီကျော်မှာ ဗုံးပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မနေ့ညက တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေရှိတယ်လို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေက ပြောပေမယ့် RFA အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၆ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်းအနီးက စစ်ကောင်စီတပ်ကို အဆင့်မြင့် တာဝေးပစ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးတပ်ဖွဲ့ (Urban Special Force) က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။