မန္တလေးမြို့မှာ ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မန္တလေးမြို့ ၂၇ လမ်းနဲ့ ၂၈ လမ်းကြား ၆၂ လမ်းမပေါ်မှာ အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လမ်းပေါ်မှာသွားလာနေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးရဲ့ ဘယ်ဘက်ရင်ဘက်နဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်ကွဲချိန်က အဲဒီအနားမှာ လိုက်ထရပ်ကား တစ်စီးရယ်၊ အမျိုးသမီး တစ်ဦးရယ် ရှိနေတာ။ ဗုံးက လမ်းအလယ်က ပန်းပင်စိုက်ထားတဲ့ နေရာက ပေါက်တာဆိုတော့ ဟိုဘက်ဒီဘက် လမ်းဖြတ်ကူးတာ အဲဒီ အမျိုးသမီးက။ နည်းနည်းပါးပါး အစတွေ ဘာတွေတော့ စင်သွားတယ်လို့ သိထားတယ်။ လိုက်ထရပ် ကားပေါ်ပါ လူတွေကတော့ ဘာမှမဖြစ်သွားဘူး"

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးအမည်ကို မသိသေးဘူးလို့ သူက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မိနစ်၂၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀ နီးပါး ရောက် လာပြီး လမ်းသွားလမ်းလာတချို့ကို စစ်ဆေးခဲ့သလို ဒဏ်ရာရထားတဲ့ အမျိုးသမီးကို အရေးပေါ်ကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဒီဗုံးနှစ်လုံးဟာ စစ်ကောင်စီ ကင်းလှည့်ယာဉ်ကို ဖောက်ခွဲဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရည်ရွယ်ချက်မအောင်မြင်ဘဲ အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် အနူးအညွတ်တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။