လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် ကိုရင် သုံးပါးနဲ့ ဒေသခံ နှစ်ဦး ဒဏ်ရာရ
2024.07.07

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်မှာ ဇူလိုင်လ ၆ ရက်နေ့က ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် သုံးပါးနဲ့ ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပေါက်ကွဲအားပြင်းထန်တဲ့ ရှော့တိုက်ဒုံးတစ်လုံးဟာ စိတ္တသုခဘုန်းကြီးကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကိုရင် သုံးပါး၊ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဘုန်းကြီးကျောင်းက ကိုရင်သုံးပါးရယ်၊ အိမ်ကို ခဏပြန်ဖို့ ဘုန်းကြီးကျောင်းထဲကထွက်တဲ့ ဒေသခံ နှစ်ဦးရယ် လက်နက်ကြီးအစ မှန်တယ်လို့ သိထားပါတယ်။ ဒီမနက်လည်း ပစ်နေကြတယ်။ လားရှိုးမြို့အနားအထိ တိုက်ပွဲကပ်လာတော့ စစ်တပ်ဘက်က နေ့ရော၊ ညရော ပစ်နေတဲ့ သဘောပေါ့"
အဲဒီ ရှော့တိုက်ဒုံးတွေကို လားရှိုးမြို့ပေါ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမဲ့ ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီအခြေအနေပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လားရှိုးမြို့ အနီးဝန်းကျင်မှာ တစ်ရက်ထက်တစ်ရက် တိုက်ပွဲပိုပြင်းထန်လာတာကြောင့် မြို့ခံအများစုဟာ ဘေးလွတ်ရာကို နည်းလမ်းပေါင်းစုံနဲ့ စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။