တောင်ကြီးမြို့ မွတ်စလင်ခေါင်းဆောင်နေအိမ် ပေါက်ကွဲမှုဖြစ်
2013.12.09
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်က မွတ်စလင်ဘာသာဝင် ဗလီအုပ်ချုပ်မှုကော်မီတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ နေအိမ်မှာ မနေ့ ည ၁၁ နာရီလောက်က ပေါက်ကွဲမှုဖြစ် ခဲ့ပြီး ဗလီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသွားတဲ့ အိမ်ရှင်ဖြစ်သူကို စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ပို့ကုသထားတယ်လို့ သိရပါတယ်။
မိုင်းကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒေသလုပ်မိုင်းလို့ ယူဆရကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
“မနေ့ညပိုင်းပေါ့ ၁ဝ နာရီခွဲကျော်မှာ မြို့မရပ်ကွက်ထဲ အလယ်ဗလီက ကိုမြင့်သိန်းက သူ့အိမ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးတော့ ခြေထောက်ပြတ်သွားတာပေါ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မိုင်းကျွမ်းကျင်သူများကို တင်ပြပြီးတော့ အကူအညီတောင်းပြီး စစ်ဆေးတဲ့အခါမှာ ဒေသလုပ်မိုင်းလို့ ယူဆရတာပေါ့ခင်ဗျာ၊ အဲဒီမိုင်းနဲ့ပတ်သက်လို့ ဘယ်ကရတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့ တာဝန်ရှိတဲ့သူတွေက စစ်ဆေးဖော်ထုတ်နေတုန်းပဲရှိပါတယ်”
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲမှူးကြီး ဦးဝင်းထွန်းက တောင်ကြီးမြို့ပေါ်ရှိ ဗလီလေးခုက အုပ်ချုပ်ရေးကော်မတီဝင်တွေနဲ့ ဒီနေ့တွေ့ဆုံခဲ့ပြီး တောင်ကြီးမြို့ မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာအဖြစ် အမှုဖွင့်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။