မန္တလေး ကုန်စိမ်းဈေးမှာ စစ်ကားတစ်စီး ဗုံးခွဲခံရ၊ စစ်သားနှစ်ယောက် သေဆုံး

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ကုန်စိမ်းဈေးမှာ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့မနက်က စစ်ကား တစ်စီး ဗုံးနဲ့အပစ်ခံခဲ့ရပြီး ပေါက်ကွဲကာ စစ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့အချိန်က မနက်ခင်းဈေးသွားချိန်လို့ အနီးနားကလူတွေလည်းထိခိုက်ဒဏ်ရာရသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ဈေးလာဝယ်တဲ့ စစ်ကားဗုံးထုခံရတာ။ သူတို့ထုခံရတော့ ရမ်းပြီးပြန်ပစ်တာမှာ ပြည်သူအချို့ထိသွား တယ်။ ဖြစ်သွားတော့ ဈေးသည်တွေကို ပြန်ခိုင်းတယ်။ တချို့ကလည်း ထွက်ပြေးကြတာပေါ့၊ စစ်သား တွေက လမ်းတွေလည်းပိတ်ပြီး စစ်တာတွေလုပ်တယ်။ စစ်သားအချို့နဲ့ ပြည်သူအချို့ ထိခိုက်ပေမဲ့ အတိအကျတော့ မသိဘူး"
ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ (GZP) က သူတို့လက်ချက်ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ထားပါတယ်။ ကြေညာချက်ထဲမှာ စစ်သားနှစ်ယောက်သေဆုံးကြောင်း သုံးယောက်ဒဏ်ရာရ ကြောင်း ပြည်သူတစ်ယောက် ဒဏ်ရာရခဲ့ကြောင်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မီတာ ၂၀ ခန့် အကွာ အဝေးမှာနေကြဖို့ သတိပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။