လှည်းကူးမှာပေါက်ကွဲမှုဖြစ်၊ အုပ်ချုပ်ရေးမှူးနဲ့ ရုံးစာရေး ဒဏ်ရာရ
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးမှာ စက်တင်ဘာလ ၈ ရက် ဒီကနေ့၊ မနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ခြေထောက်ဒဏ်ရာရခဲ့သလို ရုံးစာရေးတစ်ဦးလည်း လက်မှာ ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်သား အယောက် ၂၀ ဝန်းကျင် ရောက်လာပြီး စစ်ဆေးတာတွေ လုပ်ခဲ့သလို ဒဏ်ရရခဲ့သူ နှစ်ဦးကိုတော့ ဆေးရုံကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ထားတဲ့ ဦးညီညီအောင် ရဲ့ကား အနောက်ဘက်ခြမ်း လည်း ပျက်စီးသွားတယ်လို့ ဒေသခံက ဆိုပါတယ်။
စက်တင်ဘာလ ၇ ရက် မနေ့ညပိုင်းမှာလည်း လှည်းကူးမြို့နယ်က ဂရုဏာရှင် ပရဟိတအသင်း အဖွဲ့ဝင်နှစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။