ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကွဲ လူသုံးဦး ဒဏ်ရာရ

ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ် အနီးမှာ မနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပေါက်ကွဲတဲ့နေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဗန်းမော်မြို့ခံ တစ်ယောက်က အခုလို ပြောပါတယ်။

Google Map ပေါ်က ဗန်းမော်မြို့ မြေပုံ
Google Map ပေါ်က ဗန်းမော်မြို့ မြေပုံ (Photo: Google Map)

"ဗန်းမော်မြို့အဝင် ကွန်ပျူတာတက္ကသိုလ်ရှေ့ ညနေငါးနာရီလောက်မှာ ဗုံးတစ်လုံးကွဲတာ လူသုံးယောက်ဒဏ်ရာရတယ်၊ မသေဘူး ဆေးရုံရောက်သွားပြီ၊ သုံးဘီးမောင်းတဲ့လူနဲ့ ခရီးသည်နှစ်ယောက် ဆေးရုံမှာ၊ ဗန်းမော်မြို့ကနေ မိုးကောင်းဘက်အထွက် ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ ဖြစ်သွားတာ၊ မြို့အထွက်ဆိုတော့ လူသွားလူလာတအားများတဲ့ အချိန်လည်းဖြစ်တယ်"

ဗုံးခွဲတဲ့လက်သည် ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးတဲ့အပြင် အခုလို ဗုံးကွဲတာကတစ်ကြောင်း၊ ဒေသတွင်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတာက တစ်ကြောင်းကြောင့် ဗန်းမော်တမြို့လုံး ထိတ်လန့်ခြောက်ခြားနေကြတယ်လို့ အဲဒီမြို့ခံကပဲ ဆက်လက်ပြောပြပါတယ်။

အခု ဗုံးပေါက်ကွဲခဲ့တာဟာ ဒီနှစ်အတွင်း ဗန်းမော်မြို့ပါ်မှာ ပထမဆုံးအကြိမ် ဗုံးကွဲမှု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ ဗန်းမော်မြို့ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။