မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း
2013.06.14

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာတောင်းဆို တဲ့ ကျောင်းသားတွေနဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အာဏာပိုင်တွေ က ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC က မနေ့က ကြေညာချက်ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ မုံရွာခရိုင် ကျောင်းသားသမဂ္ဂအဖွဲ ့ဝင်တချို့ကို ဒဏ်ငွေရိုက် ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ လက်ပံတောင်းတောင်ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်ကို ထောင် ၁ နှစ်ချလိုက်တာ၊ လက်ပံတောင်းဒေသခံတွေကို ကူညီတဲ့ ကိုအောင်စိုးနဲ့ရွာသားတချို့ကို ဖမ်းဆီးထောင်ချလိုက်တာကို AHRC အဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုအောင်စိုးနဲ့ ရွာသား ၂ ယောက်ကို ဘယ်ထောင်မှာပို့ထားတယ်ဆိုတာ သက်ဆိုင်ရာက တရားဝင်မပြောသလို၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပြု၊ ဥပဒေအရ အကာအကွယ်ပေးမယ့် ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းရေးကော်မရှင်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကို မျက်ကွယ်ပြုလိုက်သလို၊ အကြမ်းဖက်မှုကို ညွှန်ကြားတဲ့အရာရှိတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်သင့်တယ်ဆိုတဲ့ တစုံတရာ အကြံပြုထားတာ အစီရင်ခံစာမှာ မတွေ့ရဘူးလို့ဆိုပါတယ်။
အစီရင်ခံစာမှာ ဒေသခံလယ်သမားတွေ ကို လျော်ကြေးပေးဖို့ပဲ အကြံပြုထားပြီး၊ စီမံကိန်းကဖြစ်လာမယ့်ဆိုးကျိုးအတွက် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာလဲ အကြံပြုချက်မပါရှိဘူးလို့ AHRC အဖွဲ့ကပြောလိုက်ပါတယ်။
ဒါပေမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ပြင်ဆင်ဖြည့်စွက်အကြံပြုဖို့အခွင့်အလမ်းရှိသေးတယ်လို့လဲ AHRC အဖွဲ့က ထောက်ပြထားပါတယ်။