ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်ရောက်ရှိ
2019.01.29

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့နေ့လယ်ပိုင်းက ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူလိုက်ပြီဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့တဲ့ ကရင်နီလူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က ပြည်နယ်အစိုးရအနေနဲ့ အခုလိုအတင်းအဓမ္မ လုပ်ဆောင်လာတာတွေကို ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရုပ်တုဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဒေသခံတွေ၊ လူမှုရေးအဖွဲ့တွေ ပါဝင်တဲ့ ကော်မတီအသစ်ဖွဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီနေ့ကြေးရုပ်ထားရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖဲ့ွကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အဲဒီကြေးရုပ်တုကို အများပြည်သူထည့်ဝင်လှူဒါန်းငွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အထွေထွေပိုလျှံရန်ပုံငွေတွေ စုပေါင်းပြီး ဆောက်လုပ်သွားမှာဖြစ်ပြီး ငွေကျပ်သိန်း ၈ဝဝ ကုန်ကျခံဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီရုပ်ထုထားရှိမယ့်ကိစ္စကို လွိုင်ကော်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် လူငယ် ၁၂ ယောက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရသလို လူငယ် ၈ ယောက်ဟာလည်း ကရင်နီသမိုင်းကြောင်း စာတွေဖြန့်ဝေ ခဲ့တာကြောင့်ဆိုပြီး လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆို၊ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။