မြစ်ကြီးနားက ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ ဖြစ်မြောက်ရေးကော်မတီက ကန့်ကွက်


2017.01.08
bogyoke-press-620.jpg မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းတိုက်မှာ ဇန်နဝါရီ ၈ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် စိုက်ထူမယ့် ဗိုလ်ချုပ်ကြေး ရုပ်တုကို ပြည်နယ်အစိုးရက ပြန်လည်ပြုပြင်ဖို့ စီစဉ်နေတာကို နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေးရုပ် တုဖြစ်မြောက်ရေးကော်မတီက ကန့်ကွက်လိုက်ပါတယ်။

မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် က မန္တလေးကျောင်းတိုက်မှာ ပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲ မှာ နှစ်တစ်ရာပြည့်ဗိုလ်ချုပ်ကြေး ရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ဦးမြတ်သူကျော်က ကန့်ကွက်ကြောင်း ပြောတာဖြစ်ပါတယ်။

"နှစ် ၁ဝဝ ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ကြေးရုပ်လုပ်တာကနော် ခေါင်းစဉ်စတည်လာတာကို က ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ကြေးရုပ်တု၊ အဲလိုလုပ်ပြီးတော့ ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်များ ရှင်သန်ထွန်းကားရေးဆိုတာမျိုးနဲ့ သွားတာဖြစ်တဲ့အတွက် ဒီအစိုးရအဖွဲ့က သူတို့မှာသူတို့ အခုမှလုပ် ချင်တယ်ဆိုတာ သူတို့အပိုင်းဖြစ်မှာပဲ၊ ခေါင်းစဉ်ချင်းမတူတဲ့အတွက် ကျနော်တို့က လက်ခံလို့မရဘူးလို့ပဲ ညှိနှိုင်းတယ်၊ ပြန်ဖြေကြားရတာပါ"

အစိုးရရဲ့ သီးသန့်အစီအစဉ်နဲ့ ဆောင်ရွက်မယ်ဆို ကန့်ကွက်မှာ မဟုတ်ကြောင်းနဲ့ မိမိတို့ ရာပြည့်ကော်မတီက ဦးဆောင်ပြီး ထုလုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ပြန်လည်ပြုပြင်မယ်ဆိုတဲ့အချက်ကို လက်မခံခြင်း သာဖြစ်တယ်လို့ဆိုပါတယ်။

တနင်္ဂနွေနေ့အစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကိုတော့ RFA က ဆက်သွယ်မေးမြန်းလို့မရပါဘူး။

ပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်ကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက လာရောက်သယ်ယူသွားတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရအဖွဲ့ က ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းပြီး မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးက အစိုးရပိုင်မြေကွက်လပ်မှာ လာမယ့် ပြည်ထောင်စုနေ့အမီ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ရင်ပြင်တည်ဆောက်ဖို့အတွက် စီစဉ်နေ တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ် ကြေးရုပ်တုကို အများပြည်သူထည့်ဝင်ငွေ ကျပ်သိန်းပေါင်း နှစ်ရာကျော်နဲ့ ထုလုပ်ခဲ့ပြီး စိုက်ထူဖို့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ကော်မတီ ဖွဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။