လှိုင်မြစ်ထဲ သမ္ဗန်လှေမြုပ်မှုကြောင့် ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်ထဲမှာ သမ္ဗန်လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ခရီးသည်ရှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆိပ်ကြီးဦးမြ ရေယာဥ်ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်ထဲမှာ သမ္ဗန်လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ခရီးသည်ရှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီကတည်းက လူမှုကူညီရေးအသင်းတွေ၊ စစ်ကောင်စီတပ်နဲ့ ရေကြောင်းရဲ ပူးပေါင်းအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတာလို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ရှစ်ဦးထဲမှာပါဝင်တဲ့ အသက် ၃၂ နှစ်အရွယ် မသဇင်ရဲ့ မိသားစုဝင်တစ်ဦးကတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပင်လယ်ဝအထိ လိုက်လံရှာဖွေနေကြတယ်လို့ RFA ကို ပြောပါတယ်။

“ရုပ်အလောင်းတွေ ကမ်းတင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာနေကြတာပေါ့။ ကျွန်မတို့တောင် အနားကပ်လို့မရဘူး။ စစ်သားတွေပါ ဝိုင်းရှာနေကြတယ်။ ရေကလည်း တက်လိုက်ကျလိုက်နဲ့ဆိုတော့ တော်တော်လည်း ရှာရခက်နေတာ”

ပျောက်ဆုံးနေသူတွေထဲမှာ ကျောင်းသားနှစ်ဦး၊ ကျောင်းသူတစ်ဦး၊ ခရီးသည်လေးဦးနဲ့ အချက်အလက်မသိရသေးသူတစ်ဦး၊ စုစုပေါင်းရှစ်ဦး ပါဝင်တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။ မနေ့ကတော့ ကျောင်းသားတချို့နဲ့ ခရီးသည်၊ စုစုပေါင်း ကိုးဦးကို ကယ်တင်ထားနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီသမ္ဗန်လှေပေါ်မှာ လှေမောင်းသူအပါအဝင် စုစုပေါင်း ၁၇ ဦး လိုက်ပါလာတာပါ။

ကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ ကြည့်မြင်တိုင်မြို့ခံတစ်ဦးကလည်း ရေစီးသန်ပြီး လှိုင်းကြီးနေတာကြောင့် ရှာဖွေရေးတွေ ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။

“ကယ်ဆယ်ရေးထက် ရုပ်အလောင်း ရှာဖွေရေးကိုပဲ ဦးစားပေး လုပ်နေရတာပေါ့။ လှိုင်မြစ်က ရေစီးလည်းသန်တယ်။ လှိုင်းကလည်း ရှိတယ်။ ဒီနေ့မှ အလောင်းတွေ မတွေ့ရင် ကယ်ဆယ်ရေးရပ်မဲ့ သဘောတော့ ရှိတယ်”

ဒီသမ္ဗန်လှေဟာ ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးဦးမြ (ဦးမြငါးစင်) ဆိပ်ကမ်းကနေ ဗားကရာဆိပ်ကမ်းလာရောက်စဉ် ဗားကရာဆိပ်ကမ်းနဲ့ ကိုက်နှစ်ရာအကွာ လှိုင်မြစ်အလယ်မှာ တွဲသင်္ဘောကို တိုက်မိရာကနေ နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org