ဟိုင်းကြီးကျွန်းက လှေစီးဒုက္ခသည် ၇ဝဝ ကျော် ရခိုင် မောင်တော ကို ရောက်ရှိ

လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်
လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ် (Photo: Khin Maung Soe/RFA)

0:00 / 0:00

ဧရာဝတီတိုင်း ဖျာပုံမြို့အနီးက မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇၂၇ ဦး ကို ခေတ္တထိန်းသိမ်း ထားတဲ့ ဟိုင်းကြီးကျွန်းကနေ ရခိုင်မောင်တောမြို့နယ်က ကညင်ချောင်းကို ဒီကနေ့ မနက်ကရွှေ့ပြောင်းထားလိုက် ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကိုပြောပါတယ်။

သူတို့ကို ကညင်ချောင်းကတဆင့် တောင်ပြို (လက်ဝဲ) မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၇ အနီးကို ထပ်မံရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

"သူတို့ကို ကရင်ချောင်းကနေ မောင်တောအထက်ပေါ့နော်၊ တောင်ပြိုလက်ဝဲ၊ မိုင်တိုင်အမှတ် ၃၇ ပေါ့နော်၊ အဲ့နားမှာရွှေ့ဖို့ပြောပါတယ်၊ ထားတဲ့အခါထုံးစံတိုင်း ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝင်ကိုခေါ်မယ်၊ ခေါ်ပြီးရင် သူတို့ကိုပြမယ်၊ သူတို့နိုင်ငံသား တွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်မယ်၊ အခုကျနော် တို့ သိရသလောက်တော့ သူတို့ကိုဘင်္ဂလားဒေ့ရှ်ကို ပို့နိုင်အောင်တော့ နှစ်နိုင်ငံဆွေးနွေးနေတယ်၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံအမတ်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနကို မြန်မာနိုင်ငံမှာရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်တွေကို အမြန်ဆုံးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်"

လှေစီးဒုက္ခသည် ၇၀၀ကျော်ကို အစားအစာ၊ အဝတ်အထည်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေး ထားပြီး၊ စစ်ဆေးမေးမြန်းမှုတွေ ကိုတော့ နောက်ရက်တွေမှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းမိထားတဲ့ ဘင်္ဂါလီလူမျိုး ၂၀၀ နဲ့ အခု နောက်ထပ်ရောက် ရှိလာတဲ့ ဒုက္ခသည်တွေပေါင်းရင် ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် တစ်ထောင်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

အခုလို လှေစီးဒုက္ခသည်တွေ ရခိုင်ပြည်နယ်ထဲ ထပ်တိုးလာတဲ့အပေါ် ဒေသခံတွေဘက်က ကျေနပ်မှုမရှိဘူးလို့ လည်း ဦးလှသိန်းက ပြောပါတယ်။

ဒီအတောအတွင်း ပထမအသုတ် ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဝဝ ကို အခုလ ၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စတင်လွှဲပြောင်း လက်ခံမယ်လို့ မြန်မာအစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။