လှေစီး ဒုက္ခသည်အရေး ဆွေးနွေး ဖို့ မြန်မာကို မလေးရှား တိုက်တွန်း


2015.05.17
rohingya-boat-620 မွတ်စလင်ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်းကို တွေ့ရစဉ်
Photo: RFA

အရှေ့တောင်အာရှ ဒေသတွင်းမှာ ပင်လယ်ပြင် ကို လှေတွေနဲ့ဖြတ်ပြီး နေရာရွှေ့ပြောင်းဖို့ ကြိုးစားနေ ကြတဲ့ ဒုက္ခသည်တွေ အရေအတွက် များပြား လာနေ တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး၊ ဆွေးနွေးပွဲတွေ ကျင်းပကြဖို့၊ အဲဒီ ဆွေးနွေးပွဲတွေမှာ မြန်မာ ပါဝင်ဖို့ မလေး ရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာအာမင် က မြန်မာ အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

တကယ်လို့ မြန်မာ မပါဝင်ဘူးဆိုရင် ၊ လိုအပ်ချက်အရ အရေးပေါ် အစည်းအဝေး ခေါ်ယူရပါလိမ့်မယ်၊ လှေစီး ဒုက္ခသည်ကိစ္စ နိုင်ငံတကာ အဆင့်အထိ မရောက် ခင်၊ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းအဖြေရှာကြရာ မှာ မြန်မာနိုင်ငံအနေနဲ့ အတူပါဝင်နိုင် လိမ့်မယ်လို့ မလေးရှားက မျှော်လင့်နေပါတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အစောပိုင်းတုန်း ကတော့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် သီတင်းပတ် အတွင်း တွေ့ဆုံပြီး လှေစီးဒုက္ခသည် အကျပ်အတည်း ကို ဆွေးနွေး အဖြေရှာကြဖို့ မလေးရှားက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကတော့ မြန်မာပါ ပါဝင်ဖို့ ပြောဆိုခဲ့ပါတယ်။

လှေစီး ဒုက္ခသည်တွေပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေ မေလ ၂၉ ရက် နေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တွေ့ဆုံဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က အဲဒီ့ပွဲမှာ ဘာတွေ ဆွေးနွေးမယ် ဆိုတဲ့ အသေးစိတ် အစီအစဉ် ကို စောင့်နေကြောင်း၊ တကယ်လို့ ရိုဟင်ဂျာ ကိစ္စ ပါလာမယ်ဆိုရင်တော့ မြန်မာအနေနဲ့ တက်ရောက်မှာ မဟုတ်ကြောင်း သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ်ခေါ်ဝေါ်နေသူတွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေသာဖြစ်တဲ့အတွက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကသာ ကိုင်တွယ် စီမံရမယ့် ပြဿနာဖြစ်ကြောင်းလည်းပြောပါတယ်။

ဒီအတွင်း အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ ဒုက္ခသည်ပြဿနာ တွေ့ဆုံ ဆွေးနွေး ကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။