စက်လှေ တိမ်းမှောက်လို့ ကျောင်းသား ကျောင်းသူ ၈ ဦး သေဆုံး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်မှာ မနေ့ ညနေပိုင်းက လေပြင်းတိုက်လို့ လှိုင်းကြီးချိန်မှာ စက်လှေတိမ်းမှောက်တာကြောင့် လုံးစန်ရွာ အထက်တန်းကျောင်း (ခွဲ) က အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၈ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
-
2018-02-26 -
-
-
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်မှာ မနေ့ ညနေပိုင်းက လေပြင်းတိုက်လို့ လှိုင်းကြီးချိန်မှာ စက်လှေတိမ်းမှောက်တာကြောင့် လုံးစန်ရွာ အထက်တန်းကျောင်း (ခွဲ) က အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၈ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
တံငါသည် လှေတစ်စီးက ၉ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၉ ယောက်က ရေနစ်သေဆုံးခဲ့တယ်လို့ အင်းတော်ကြီး ဒေသခံ စိုင်းဋ္ဌေးအောင် က ဒီကနေ့ ပြောပါတယ်။
"ဒီလှိုင်းကလည်းလာတယ်။ ပြန်ကွေ့တဲ့အချိန်မှာက ရေက ပြန်နှိပ်လိုက်တာ ဒီလှေကို။ ရေက ဝင်သွားတော့ တခါတည်း နစ်သွားတာပေါ့။ တံငါသည်တစ်ဦးက သူက သွားပြန်ကူလိုက်တော့ ကိုးယောက်ကိုတော့ ပြန်ရခဲ့တယ်။ ဒီကိုးယောက်ပဲ ဆယ်လို့ အင်းဘက်ကို ပြန်ကပ်ခဲ့တော့ ဟိုက ကိုးယောက်က ဘယ်လိုမှလည်း လုပ်လို့မရတော့ဘူး။ အဲတာမျိုး ဖြစ်သွားတယ်လို့ ပြောတယ်"
အင်းတော်ကြီးကန် အရှေ့ဘက်ကမ်း လုံးစန့်ရွာ အထက (ခွဲ) က အဲဒီ ကျောင်းသားတွေဟာ အနောက်ဘက်ကမ်း က နန့်မီးလောင်ရွာက နှီးဘုရားကို သွားရောက်ဖူးမြော်ပြီး စက်လှေနဲ့ အပြန်မှာ လေပြင်းတိုက်ခတ်ချိန်နဲ့ ကြုံလို့ လှိုင်းဒါဏ်ကြောင့် စက်လှေတိမ်းမှောက်ခဲ့တာပါ။
သေဆုံးသူတွေဟာ လုံးစန့်ရွာက ၇ ယောက်၊ မနမ့်ခေါရွာက ၁ ယောက်နဲ့ ရွာသစ် က စက်လှေမောင်းသူရဲ့သမီး ၁ ယောက် အပါအဝင် စုစုပေါင်း ၉ ဦး ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ရုပ်အလောင်းအားလုံးကို ဆယ်ယူရရှိပြီး သဂြိုဟ်ဖို့ ပြန်သယ်ဆောင်သွားကြပြီလို့ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ မတ် ၁ ရက်နေ့အထိဟာ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားရဲ့ တပေါင်းပွဲတော် ချိန်ဖြစ်ပါတယ်။
ရွှေမဉ္ဇူဘုရား တည်ရှိတဲ့ အင်းတော်ကြီးရေလယ်ကို စက်လှေတွေနဲ့သွားချိန်မှာ လှေစီးခ များများရအောင် ဘုရားဖူး ခရီးသည်တွေကို ပိုမိုတင်ဆောင်နေကြတဲ့ စက်လှေသမားတွေအနေနဲ့ လှေတိမ်းမှောက်မှု အန္တရာယ်တွေ မဖြစ်အောင် သတ်မှတ်လူဦးရေးထက် ပိုမိုမတင်ဆောင်ဖို့ကို ဒေသခံတွေက အကြံပြုကြပါတယ်။
အခုရက်ပိုင်းမှာ အပူချိန်တွေ မြင့်တက်လာမှုနဲ့အတူ အနောက်ဘက်က မိုးတိမ်လေထုတွေ တိုက်ခတ်မှုရှိတာ ကြောင့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လေပြင်းတိုက်ခြင်း၊ လျှပ်စစ်လက်ပြီး မိုးသီးကြွေ၊ မိုးရွာခြင်းတွေ ဖြစ်နိုင်ကြောင်း ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနမှူး က ပြောပါတယ်။ ဒါကြောင့် ရေကြောင်းလမ်းခရီးတွေမှာ သတိပြုသွားလာသင့်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒဋ္ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကုန်းတွင်းရေအိုင်တွေထဲက တစ်ခုဖြစ်တဲ့ အင်းတော်ကြီးကန်မှာ နှစ်စဉ် တပေါင်းလရောက်တိုင်း ဘုရားပွဲတော် ကျင်းပလေ့ရှိရာမှာ ဖေဖော်ဝါရီ ၂၂ ကနေ မတ် ၁ ရက်နေ့အထိ ဒီနှစ် ပြုလုပ်တာဟာ ၁၄၉ ကြိမ်မြောက်ဖြစ်ပါတယ်။