ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို

RFA Burmese
2024.08.21
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။
Screenshot from Arakan Bay News's Video
Updated 12:37 PM Aug 21, 2024

ရခိုင်ပြည်နယ်နဲ့ အထူးသဖြင့် မောင်တောမြို့က ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) က သြဂုတ်လ ၂၁ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ BHRN ကိုပြောဆိုချက်တွေအရ မောင်တောမြို့က ရိုဟင်ဂျာတွေဟာ တိုက်ခိုက်ခံရပြီး မြို့က ထွက်ပြေးနေရသလို တချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲအထိ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ ခံနေရတယ်လို့ BHRN က ဖော်ပြပါတယ်။

ဒီ့အပြင် သေနတ်နဲ့ပစ်ခတ်မှု၊ အကြောင်းမဲ့ဖမ်းဆီးမှုနဲ့ တခြားကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုများစွာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့မှာ မောင်တောမြို့က ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် မြို့မှာကျန်ရှိနေသေးသူ အများအပြားလည်း ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီမီးရှို့ဖျက်ဆီးမှုကိုတော့ အာရက္ခတပ်တော် (AA) ကကျူးလွန်တာလို့ မျက်မြင်သက်သေတွေက ပြောကြောင်း BHRN က ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှုတွေအတွက် AA အပါအဝင် နိုင်ငံတကာက ဖော်ထုတ်အရေးယူပေးဖို့ လိုတယ်တယ်လို့ BHRN ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

“လက်ရှိ မောင်တောမှာက အသတ်ခံရတဲ့ ရိုဟင်ဂျာအရေအတွက်လည်းများတယ်။ ပြီးရင် ထွက်ပြေးတဲ့အခါ လှေမှောက်သေဆုံးသွားတာတွေလည်း ရှိတယ်။ နတ်မြစ်ကမ်းစပ်မှာ ဒရုန်းနဲ့ ဗုံးပစ်ချလို့ သေဆုံးတာတွေလည်းရှိ တယ်။ ဒီပြဿနာတွေရဲ့ အစက စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မခေါ်ယူရာ ကနေစတာပေါ့။ ဒီလို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ခေါ်ယူခံထားရတဲ့သူတွေကို AA အနေနဲ့ ရန်သူတွေလို့ သတ်မှတ်လို့မရဘူး။ ပြီးတော့ မြေပြင်မှာ အောက်ခြေက AA တပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေရှိရင် AA အနေနဲ့ ဖော်ထုတ်အရေးယူဖို့လိုအပ်တယ်”

AA ရဲ့လုပ်ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက ဝေဖန်မှတ်ချက်ပေးဖို့ တုံ့ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် AA ရဲ့လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပိတ်ဆို့အရေးယူမှုအပါအဝင် အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့လည်း BHRN က တောင်းဆိုပါတယ်။

AA ကတော့ သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းက မောင်တောမြို့ အမှတ် (၂) ရပ်ကွက်မှာ မွတ်စလင် လက်နက်ကိုင်တွေနဲ့ AA တို့ တိုက်ပွဲဖြစ်ချိန် မွတ်စလင် လက်နက်ကိုင်တွေက သူတို့တပ်စွဲထားတဲ့ နေအိမ်ကိုမီးရှို့ပြီး ထွက်ပြေးတာကြောင့် နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် နိုင်ငံတကာရောက် လူ့အခွင့်အရေး လှုပ်ရှားသူတချို့က စွပ်စွဲပြောဆိုမှုတွေရှိနေပြီး အဲဒီစွပ်စွဲချက်တွေက လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ AA က သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

BHRN ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အထူးသဖြင့် ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ အာဆီယံတို့က မောင်တောမြို့က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း မောင်တောမြို့သိမ်းတိုက်ပွဲကနေ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံပြည်သူ နှစ်သောင်းနီးပါးကို ဘေးလွတ်ရာကို ကယ်ထုတ်ထားပြီး ကျန်ရှိနေသူတွေကိုလည်း ဆက်လက် ကယ်ထုတ်နေတယ်လို့ ပြောဆိုထားပါတယ်။

(မှတ်ချက်။  BHRN ညွှန်ကြားရေးမှူး ဦးကျော်ဝင်း၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။