တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ ကျင်းပ


2014.03.16
blood-bridge-305.jpg ၂၆ နှစ်မြောက် တံတားနီနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ မတ်လ ၁၆ ရက်နေ့က ကျင်းပစဉ်
photo: Myo Zaw Ko/RFA

ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် ပေးဆပ် ခဲ့ကြသူတွေကို ဂုဏ်ပြုမှတ်တမ်းတင်မှသာ အမျိုး သားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင် မှာဖြစ်တယ်လို့  တံတားနီ အရေးအခင်းမှာ ပါဝင် ခဲ့ကြသူတွေက ဒီနေ့ကျရောက်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောခဲ့ကြပါတယ်။

တံတားနီနေ့ နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ ကျင်းပခဲ့ကြပြီး တံတားနီအရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားဟောင်းတွေ တက်ရောက်ခဲ့ ကြပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဋ္ဌေးကြွယ်က ဒီကနေ့အခမ်းနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

"တံတားနီမှာတော့ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ လူ ၄ ထောင်လောက်စုစည်း ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတာပေါ့၊ အဲလိုဆန္ဒပြရင်းနဲ့ လှိုင်တက္ကသိုလ်နဲ့ ပူးပေါင်းဖို့ ထွက်လာတဲ့ အချိန်မှာပဲ ဒီတံတားဖြူနေရာမှာ ကျောင်းသားတွေရဲ့သွေး စွန်းခဲ့ရတာပေါ့၊ အရှေ့ကနေပြီးတော့ စစ်တပ်ကနေ ပိတ်ထားတယ်၊ ကျနော်တို့ တည့်တည့်ကိုချိန်ထားတဲ့ သေနတ်တွေနဲ့ ပိတ်ထား ပြီးတော့ နောက်ကဝင်ပြီး လုံထိန်းတပ်တွေနဲ့ ဝင်ရိုက်တယ်"

အခမ်းအနားကို တက္ကသိုလ်ကျောင်းသားဟောင်းတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ်က မဆလတစ်ပါတီစနစ်ကို ဆန္ဒပြနေတဲ့ ရန်ကုန်တက္ကသိုလ် ပင်မကျောင်းသားတွေဟာ လှိုင်တက္ကသိုလ်ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့ ချီတက်လာစဉ် အင်းလျားကန်ဘောင် တံတားနီအရောက် မဆလ စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင် သေဆုံးသူတွေရှိခဲ့သလို ထောင်ကျခဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုရဲ့ တင်ပြချက်ကို နားထောင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။