ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ထောက်ပံ့ပေးမယ့် NDAA ဥပဒေ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။ (AFP)

မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နည်းပညာနဲ့ လူကို သေစေခြင်းမရှိတဲ့ အကူအညီမျိုး ထောက်ပံ့ပေးမယ့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA)ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဒီဇင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီဥပဒေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့လည်း ပါဝင်ပါတယ်။

ဒီဥပဒေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်တာမရှိတဲ့ အရာတွေကို ထောက်ပံ့ ကူညီပေးသွားဖို့ ရေးသားထားပါတယ်။

NDAA ဥပဒေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့ဒီမိုကရေစီအရေး အင်အားစုတွေက ထောက်ခံကြိုဆိုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၁၆ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။