ဗန်းမော်တိုက်ပွဲကြောင့် ထွက်ပြေးရသူ သုံးသောင်းခန့် အရေးပေါ်အကူအညီလိုနေ

RFA Burmese
2024.12.26
ဗန်းမော်တိုက်ပွဲကြောင့် ထွက်ပြေးရသူ သုံးသောင်းခန့် အရေးပေါ်အကူအညီလိုနေ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဗန်းမော်ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က စင့်ကင်ကျေးရွာတွင် တွေ့ရစဉ်။
STR / AFP Photo

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်နဲ့ မံစီမြို့နယ်က ရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ သုံးသောင်းဝန်းကျင်အတွက် အစားအသောက်၊ ဆေးဝါး၊ မိုးကာနဲ့ အဝတ်အထည်စတဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်း၊ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေ၊ တောတောင်တွေ၊ စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံနေရတာဖြစ်ပြီး အခက်အခဲမျိုးစုံ ကြုံနေရတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ်လွတ်ထွက်ပြေးခဲ့ကြတာဆိုတော့ အခက်အခဲကတော့ အများကြီးရှိနေတယ်။ ကိုယ်ဝန်သည်တွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်းများတော့ ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်။ အစားအသောက်၊ အနွေးထည်၊ စောင်တွေကအစ လိုအပ်နေတယ်။ တချို့ အမိုးအကာမရှိတဲ့ တောင်ယာတွေ၊ တောတောင်တွေမှာနေတော့ သူတို့အတွက်လည်း အမိုးအကာလုပ်ဖို့ မိုးကာတွေ လိုအပ်နေတယ်”

စစ်ဘေးဒုက္ခသည်တွေထဲမှာ မိုးမောက်၊ ရွှေကူနဲ့ မံစီမြို့နယ်က ရွာတွေဘက် ထွက်ပြေးတိမ်းရှောင်သူက အရေအတွက် အများဆုံးဖြစ်ပြီး မန္တလေးနဲ့ မြစ်ကြီးနားမြို့ဘက် တိမ်းရှောင်နေသူတချို့လည်းရှိသလို ဗန်းမော်မြို့ပေါ်မှာလည်း ဒေသခံတချို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးရေးကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဗန်းမော်နဲ့ မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီဇင်ဘာလ ၄ ရက်နေ့ ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အရပ်သား သုံးဆယ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူက ၁၅၀ ခန့်ရှိနေတယ်လို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။